၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော (၆၂)နှစ်မြောက် “ချင်းအမျိုးသားနေ့”ဖြစ်ပေသည်။ ချင်းအမျိုးသားများ၏ ဤသမိုင်းဝင် နေ့မြတ်တွင် ချင်းအမျိုးသားခေါင်းဆောင်များ၊ ချင်းတော်လှန်ရေးရဲဘော်များနှင့်တကွ ချင်းတိုင်းရင်းသား ပြည်သူ တရပ်လုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြစေကြောင်းနှင့် ချင်းအမျိုးသားတို့၏ “ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ကြိုးပမ်းမှု” အမြန်ဆုံး အောင်မြင်ပါစေကြောင်း လေးနက်စွာ ဆုတောင်းမေတ္တာပို့သ အပ်ပါသည်။
ဗြိတိသျှနယ်ချဲ့သမား၏ ကျူးကျော်စစ် (၃)ကြိမ်ပြုပြီးနောက်၊ အခြားတိုင်းရင်းသားများ နည်းတူ၊ ချင်းတိုင်းရင်းသားတို့လည်း နယ်ချဲ့ လက်အောက် ကျရောက်ခဲ့ရသည်။ ဦးဝမ်းသူမောင် အစရှိသော ပညာတတ် ချင်းလူငယ်များ၏ ဦးဆောင်မှုဖြင့် ၁၉၃၃ ခုနှစ်တွင် “ချင်းအမျိုးသား များ စည်းလုံးညီညွတ်ရေးအဖွဲ့” ကို ဖွဲ့၍ “ဒို့ဗမာအစည်းအရုံး” နှင့် ဆက်သွယ်ကာ၊ နယ်ချဲ့တော်လှန်ရေးတွင် ရှေ့တန်းမှ ပါဝင်ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့်အတူ၊ ချင်းတိုင်းရင်းသားများလည်း အင်္ဂလိပ်နယ်ချဲ့ကို တိုက်ထုတ်၍ လွတ်လပ်ရေးရယူခဲ့ကြသည်။ သမိုင်းဝင်ပင်လုံစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည်။ ဦးဝမ်းသူမောင်သည် ပထမဦးဆုံး ချင်းရေးရာဝန်ကြီး ဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် ဖလမ်းမြို့တွင်ပြုလုပ်သည့် ၁၉၄၈ ခုနှစ် “ချင်းအမျိုးသား ညီလာခံ”ဆုံးဖြတ်ချက်အရ “ချင်းအမျိုးသားနေ့” စတင်ပေါ်ပေါက်ခဲ့၍၊ ယနေ့ဆိုလျှင် (၆၂)နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။
ချင်းအမျိုးသားတို့၏ ထူခြားချက်မှာ ဘိုးစဉ် ဘောင်ဆက် နှောင်ကြိုးမဲ့လွတ်လပ်ရေးကို လွန်စွာ တန်ဖိုးထားကြပေသည်။ ဒေသအုပ်စု အလိုက် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်များကျင့်သုံးလျှက်၊ ငြိမ်းချမ်းစွာနေထိုင်ခဲ့ကြသည်။ ယနေ့မြန်မာနိုင်ငံတွင် ချင်းတိုင်းရင်းများအပါအ၀င် တိုင်းရင်းသား အသီးသီး ရင်ဆိုင်နေရသော ပြဿနာ မှာ “အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်”ဆုံးရှုံးနေရခြင်းဖြစ်သည်။ လက်ရှိ စစ်အာဏာပိုင်များ သည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာရမည့်အစား၊ အကြမ်းဖက် ဖိနှိပ်နေမှုကြောင့် တိုင်းရင်းသားလက်နက် ကိုင် တော်လှန်ရေးများပေါ်ပေါက်ခဲ့ရသည်။ ချင်းအမျိုးသားတို့သည်လည်း အခြားတိုင်းရင်းသားများနည်တူ၊ စစ်အာဏာရှင်စနစ်ကို နှစ်ပေါင်းများ စွာ တော်လှန်လျှက်ရှိရာ၊ အမျိုးသားညွန့်ပေါင်းအစိုးရက ဤ (၆၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခါသမယတွင် လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
တိုင်းရင်းသားအသီးသီးက “အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ရရှိရေး တောင်းဆိုနေချိန်တွင်၊ စစ်အုပ်စုက အမျိုးသား ညီလာခံ၊ လူထုဆန္ဒ ခံယူပွဲ စသည်တို့ကို တဖက်သတ်ပြုလုပ်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ကို လည်း နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့် ဆန့်ကျင်လျှက်၊ တဖက်သတ် အတည်ပြုခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်မှ ပြည်သူလူထု၏ ဆန္ဒကိုလည်း မျက်နှာလွှဲခဲပြစ် ပစ်ပယ်ထားခဲ့ သည်။ ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့မှ အဓိက အတိုက်အခံခေါင်းဆောင်များကို အကျဉ်းချထားပြီး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး မတည်ဆောက်ဘဲ၊ ၂၀၁၀ ရွေးကောက်ပွဲကျင်းပရန် လုပ်ဆောင်နေခြင်းမှာ ဆင်ခြင်တုံတရား ကင်းမဲ့ရာကျသည့်အပြင် တိုင်းရင်းသားခေါင်းဆောင်ကြီးများချမှတ်ခဲ့သည့် စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေး လမ်းစဉ်မှလည်း သွေဖည်နေပေသည်။ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ၏ အကြံပြုတိုက်တွန်းချက်များကိုလည်း ဆန့်ကျင်သည့် သဘောဖြစ်သည်။ ပြည်တွင်း ပြည်ပ မှ တိုင်းရင်းသားပြည်သူလူထု၏ ဆန္ဒသဘောထားကိုလည်း ပစ်ပယ်ရာကျပေသည်။
ဤ (၆၂)နှစ်မြောက် “ချင်းအမျိုးသားနေ့” အခါသမယတွင် ကမ္ဘာ့ကုလသမဂ္ဂနှင့်နိုင်ငံတကာအစိုးရအဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများက “မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေး” အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များ အပါအ၀ှင် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေး၊ တိုင်းရင်းသားပြည်သူလူထုအပေါ် ထိုးစစ်ဆင်နေမှုများရပ်စဲရေး၊ ၂၀၀၈ ဖွဲစည်းပုံ ပြန်လည်သုံးသပ်ရေး အတွက် နိုင်ငံရေးဆွေးနွေးပွဲများစတင်ရေး၊ စသည်တို့ကို ဆောင်ရွက်ရန် နအဖအား တိုက်တွန်းလျှက်ရှိသည်။ ချင်းအမျိုးသားထုကြီးကလည်း နအဖဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်ကြသဖြင့် နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေး အဖြေရှာရန် ဆန္ဒသဘောထားဖေါ်ပြလျှက် ရှိကြောင်း သိရှိရပေသည်။ ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသားအင်အားစုများအားလုံးကလည်း ချင်းအမျိုးသားများနှင့် ထပ်တူ ၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်ကြသဖြင့် နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်လျှက်ရှိကြပေသည်။ ထို သဘောထား အမြင်မှာ လက်တွေ့ အခြေအနေများနှင့် ဆီလျော်သဖြင့် အမျိုးသားညွန့်ပေါင်းအစိုးရက ကြိုဆိုထောက်ခံအပ်ပါသည်။
သို့ဖြစ်၍ ̏ ဒီမိုကရေစီစနစ်ထွန်းကားရေး˝ ̏ အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး˝ ̏ စစ်မှန်သောဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး˝ တည်းဟူသော နိုင်ငံရေးရည်မှန်းချက်များအောင်မြင်သည်အထိ ချင်းတိုင်းရင်းသားပြည်သူလူထု ကြီးနှင့်အတူ မဆုတ်မနစ် ကြိုးပမ်း အားထုတ်သွားမည်ဖြစ်ကြောင်း ဤ(၆၂)နှစ်မြောက် “ချင်းအမျိုးသားနေ့” တွင် အမျိုးသားညွန့်ပေါင်း အစိုးရက တည်ကြည်လေးနက်စွာ သန္နိဋ္ဌာန် ပြုလျှက် ဤသ၀ဏ်လွှာကို အထူး လေးစားစွာ ပေးပို့အပ်ပါသည်။
Tags: 2008 Constitution, 2010 Elections, Ethnic Nationalities, National Coalition Government of the Union of BurmaThis post is in: 2010 Elections, Ethnic Nationalities, Press Release
Related Posts