စာအမှတ် ။ ။ ၅/၂၀၁၀(မဃတ+၈၈+ဗကသ)
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။
(၁) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင်များ၏ ၂၉.၃.၂၀၁၀ ရက်နေ့ အစည်းအဝေးမှ မတရားသည့် ဥပဒေများ အောက်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ရန် ကန့်ကွက်မဲမရှိ ဆုံးဖြတ်လိုက်ခြင်းသည် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင်ရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးအခန်းကဏ္ဍကို ရဲဝံ့တည်ကြည်စွာ ဖေါ်ပြရာရောက်သည့်အပြင်၊ ၁၉၉၀ ခုနှစ် ရွေး ကောက်ပွဲတွင် ပြည်သူလူထုက အပ်နှင်းထားသော လုပ်ပိုင်ခွင့်အာဏာနှင့် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုအပေါ် တာဝန် ကျေပွန်စွာ ထမ်းဆောင်နိုင်သည့် ပြည်သူ့ပါတီ ပီသကြောင်း ဖေါ်ပြလိုက်ခြင်းလည်း ဖြစ်ပါသည်။
(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မတ်လ ၂၉ ရက်နေ့ မတရားအမိန့်အာဏာဆန့်ကျင်ရေးဆုံးဖြတ်ချက်များသည် ပြည်သူ့ ဆန္ဒသဘောထားနှင့်တထပ်တည်းကျပြီး၊ စစ်အာဏာရှင်စနစ်ကို လုံးဝ လက်မခံနိုင်ကြောင်း တိတိကျကျ ပြသလိုက်ခြင်းပင်ဖြစ်သည်။ ထို့အပြင် ထိုဆုံးဖြတ်ချက်များသည် စစ်မှန်သည့် ဒီမိုကရေစီပြောင်းလဲရေးဖြစ်စဉ်ကို လူထုနည်းဖြင့် ချီတက်ရန် ဦးတည်သည့်အ တွက် မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၊ ၈၈ မျိုးဆက်ကျောင်းသားများနှင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့မှ အပြည့်အ၀ ထောက်ခံသည်။
(၃) ယနေ့အချိန်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူကြားတွင် ပါတီဆက်လက်ရှင်သန်ရေးနှင့် ပါတီ၏ ရှေ့လုပ်ငန်း စဉ်များ ဆက်လက်အကောင်အထည်ဖေါ်နိုင်ရေးအတွက် ပြည်သူတရပ်လုံးက ယခင်ကထက်ပိုမို၍ ဆယ်ဆတိုး ၀ိုင်းရံကြရ တော့မည့်အချိန်ဖြစ်ပါသည်။ ထို့အတွက် ရဟန်းရှင်လူ၊ ကျောင်းသားလူငယ်၊ ပြည်သူတရပ်လုံးက “ဒီချုပ်အဆုံးအဖြတ် ဒို့အဆုံးအဖြတ်၊ ဒီချုပ်အရေး ဒို့အရေး” ဆိုသည့်သဘောထားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဆုံးအဖြတ်နှင့် ရှေ့လုပ်ငန်းစဉ်များကို အမျိုးသား ဒီမိုက ရေး” ရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်အတူ တထပ်တည်း ပူးပေါင်းလက်တွဲလုပ်ဆောင်ကြရန် မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့ကြီး၊ ၈၈မျိုးဆက်ကျောင်းသားများနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တို့က အလေးအနက် တိုက်တွန်းအပ်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး
၈၈ မျိုးဆက်ကျောင်းသားများ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်
This post is in: Press Release
Related Posts