စစ်မှန်သော ပါတီစုံ ဒီမိုကရေစီစံနစ်တခုအောက်တွင် နိုင်ငံရေးပါတီများအပါအဝင် တိုင်းပြည်နှင့် ပြည်သူအားလုံး၏ အကျိုး စီးပွားကို ထိရောက်စွာ ထမ်းဆောင်လိုသူတိုင်း တရားမျှတလွတ်လပ်သော ရွေးကောက်ပွဲများမှတဆင့် ပြည်သူတို့က ယုံကြည်စွာ အပ်နှင်းသည့် တရားဝင်လုပ်ပိုင်ခွင့်(သို့) အချုပ်အခြာအာဏာရရှိရန် လိုအပ်သည်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) နှင့်တကွ ဒီမိုကရေစီယုံကြည်သည့် ပါတီတိုင်း ချွင်းချက်မရှိ လက်ခံကြမည်ဟု ကျွန်ုပ်တို့ အပြည့်အဝ ယုံကြည်သည်။
ဤသို့ယုံကြည်သည့်အတွက်လည်း ၁၉၈၈ ခုနှစ် ရှစ်လေးလုံးဒိမိုကရေစီအရေးတော်ပုံကြီး၏ အကျိုးဆက်အဖြစ် ပေါ်ထွန်းလာ ခဲ့သော ၁၉၉ဝပြည့်နှစ် ပါတီစုံဒီမိုကရေစိအထွေထွေရွေးကောက်ပွဲကြီးတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်သည် သန့်ရှင်းစွာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးအကြားမှ ပြည်သူလူထု၏ ထောက်ခံမဲ(၈၀) ရာခိုင်နှုန်းကျော် ဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့သော အမျိုးသားနိုင်ငံရေးဦးဆောင်ပါတီကြီးဖြစ်သည်။
၁၉၉ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးသည် စစ်အာဏာရှင်စံနစ်ဆိုးနှင့် တပါတီအာဏာရှင်စံနစ် ဆိုးများကို တိုင်းရင်းသားလူမျိုးစုံပြည်သူလူထု အပေါင်းက လုံးဝမလိုလားကြောင်း၊ စစ်မှန်သော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အာမခံမည့်အစိုးရမျိုး ကိုသာလိုလားကြောင်း ရှင်းလင်းပြတ်သားစွာ ထုတ်ဖေါ်ပြသခဲ့သည့် သမိုင်းဝင် တိုင်းရင်းသား လူမျိုးစုံ မြန်မာ ပြည်သူတို့၏ လူထုဆန္ဒမှန်ု ဖေါ်ထုတ်ပြသပွဲကြီးဖြစ်သည်။ ၁၉၉ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ရလဒ်များကို ပြောင်ကျကျ မျက်ကွယ်ပြုခြင်းသည် တိုင်းရင်းသားလူမျိုးစုံမြန်မာပြည်သူတို့၏ ဒီမိုကရေစီဆန္ဒကို မျက်ကွယ်ပြုခြင်းပင်ဖြစ်သည်။
ယနေ့ နအဖစစ်အာဏာပိုင်များက ၂ဝ၁ဝနှောင်းပိုင်းတွင် ကျင်းပပြုလုပ်မည်ဟု ကြေညာပြောဆိုနေသော ရွေးကောက်ပွဲအား တည့်မတ်မှန်ကန်စွာ ဝေဖန်သုံးသပ်မည်ဆိုလျင်———
(က) တိုင်းရင်းသားလူမျိုးစုံမြန်မာပြည်သူအများစုကြီး၏ ရင်တွင်းဆန္ဒမှန်ဖြစ်သော ၁၉၉ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေ ထွေ ရွေူးကောက်ပွဲကြီး၏ ရလဒ်များကို လုံးဝပယ်ဖျက်လိုက်သည့်ရွေးကောက်ပွဲမျိုးဖြစ်နေခြင်း။
(ခ) စစ်တပ်ကချုပ်ကိုင်ချယ်လှယ်မည့် အမည်ခံပါတီစုံစံနစ်မျိုးပေါ်ထွန်းလာရေးကို ရည်ရွယ်၍ စစ်အာဏာရှင်တို့၏အလိုကျ တဖက်သတ်ရေးဆွဲအတည်ပြုခဲ့သော ဒီမိုကရေစီအနှစ်သာရများ၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်ကင်းလွတ်နေသည့် ၂ဝဝ၈ခုနှစ်ဖွဲ့စည်း ပုံ အခြေခံဥပဒေကို ထပ်မံအတည်ပြုပြဌာန်းပေးမည့် ရွေးကောက်ပွဲမျိုးဖြစ်နေခြင်း၊
(၈) မြန်မာနိုင်ငံသားတိုင်း၏ အခြေခံလူ့အခွင့်အရေးများ၊ လွတ်လပ်ခွင့်များ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ ခွန်ထွန်းဦး၊ မင်းကိုနိုင် အစရှိသော ယုံကြည်ချက်ကြောင့် မတရားသဖြင့် အကျဉ်းချခံနေကြရသော နိုင်ငံရေး အကျဉ်းသား(၂၁၀၀)ကျော် ၏ အခြေခံအခွင့်အရေးများကို ပိတ်ပင်ဟန့်တားထားသည့် တရားမျှတမှုလုံးဝမရှိသော နအဖ၏ ရွေူးကောက်ပွဲဥပဒေများ၊ နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေများ၊ ရွေးကောက်ပွဲကော်မရှင်များ၏အောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲမျိုး ဖြစ်နေခြင်း။
(ဃ) စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်မှုရရှိရေးနှင့် နိုင်ငံတကာမိသားစုအပါအဝင် အားလုံးကထောက်ခံအားပေး
နိုင်မည့် နိုင်ငံရေးဝန်းကျင်တရပ်ပေါ်ထွန်းလာရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ကမ်းလှမ်းခဲ့သော ရွှေဂုံတိုင် ကြေညာစာတမ်းပါ တွေ့ဆုံဆွေးနွေး အဖြေရှာရေး ကမ်းလှမ်းချက်များအားလုံးကို မျက်ကွယ်ပြု၍ ၎င်းတို့သဘော အတိုင်း ဇွတ်အတင်း ကျင်းပမည့် ရွေးကောက်ပွဲမျိုးဖြစ်နေခြင်း၊
(င) နိုင်ငံတကာမိသားစုကိုယ်စား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ၄င်းကိုယ်တိုင်မြန်မာနိုင်ငံသို့သွားရောက်၍
ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား တိုက်ရိုက်တွေ့ဆုံ၍ အကြံပြုတိုက်တွန်းခဲ့သော အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးနှင့် တရား မျှတလွတ်လပ်၍ ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲများပေါ်ထွန်းလာရေးဆိုင်ရာအကြံပြုချက်များအားလုံးကို မျက်ကွယ်ပြု၍ တဖက်သတ် ကျင်းပမည့် တရားမျှတလွတ်လပ်မှုနှင့် ဂုဏ်သိက္ခာကင်းမဲ့သော ရွေးကောက်ပွဲမျိုးဖြစ်နေခြင်းစသည့်အချက်များကို ထင်ရှား စွာတွေ့မြင်ရသည်။
ဤကဲ့သို့သောရွေးကောက်ပွဲမျိုးတွင် နိုင်ငံရေးပါတီတရပ်အဖြစ်မှတ်ပုံတင်၍ ဝင်ရောက်ယှဉ်ပြိုင်မှသာ ဆက်လက်ရပ်တည်နိုင် မည့် စိမ်ခေါ်မှုများကို ရင်ဆိုင်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ အနေနှင့် ပိုမိုကြီးမားသောအခက်အခဲများ၊ ဖိနှိပ်ချုပ်ချယ်ဟန့်တားမှုများ၊ ပါတီဖျက်သိမ်းခံရနိုင်သည့်အခြေအနေများ၊ ထပ်မံဖမ်းဆီးထိန်း သိမ်းခံရမည့် အန္တရာယ်များအားလုံးကို ကြိုတင်သိရှိနေပါလျက် မိမိတို့အားပြည်သူအများစုကြီးက ယုံကြည်စွာအပ်နှင်းထားသော ဒီမိုကရေစီအခြေခံ လုပ်ပိုင်ခွင့်များ၊ ရွှေဂုံတိုင် ကြေညာစာတမ်းပါ ရပ်တည်ချက်များကို အခိုင်အမာကိုင်စွဲလျက် နအဖ၏ တရားမျှတလွတ်လပ်မှု လုံးဝမရှိသော လက်ရှိ ရွေးကောက်ပွဲ ဥပဒေများအရ နိုင်ငံရေး ပါတီအဖြစ်မှတ်ပုံတင်မည်မဟုတ်ကြောင်း၊ ၂ဝ၁ဝ ရွေးကောက်ပွဲများတွင် လုံးဝပါဝင်ယှဉ်ပြိုင်မည် မဟုတ် ကြောင်း၂၀၁၀ ခုနှစ် မတ်လ(၂၉)ရက်နေ့တွင်“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့အစည်းအဝေး” ၌ (အစည်းအဝေးတက် ရောက်သူ ၁၁၃ ဦး) ကန့်ကွက်သူမရှိ တခဲနက် အတည်ပြု ဆုံးဖြတ်လိုက်ခြင်းသည် ရဲရင့်မှန်ကန် ဂုဏ် သိက္ခာရှိသော ဆုံးဖြတ်ချက်ဖြစ် သည်ဟု ကျွန်ုပ်တို့ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရက ယုံကြည်သဖြင့် လေးလေးနက်နက် လှိုက်လှဲစွာ ကြိုဆို ထောက်ခံအပ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ၏ ဤ ရဲရင့်မှန်ကန်ပြတ်သားသော ရပ် တည်ဆုံးဖြတ်ချက်များကို သဘောတူညီ ထောက်ခံကြသော ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားလူမျိုးစုံ ဒီမိုကရေစီအင်အားစုများ၊ တပ်မတော်အတွင်းရှိ တရားမျှတမှုနှင့်လွတ်လပ်မှုကို လိုလားကြသော တပ်မတော်သားများအပါအဝင် ရဟန်းရှင်လူပြည်သူခပ်သိမ်း အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား စည်းလုံးညီညွတ်စွာ ဝန်းရံကြလျှက်၊ တတ်စွမ်းနိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ထောက်ခံအားပေးကြပါရန် အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံတကာအစိုးရများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ အနေ နှင့်လည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မှန်ကန် ရဲရင့်သည့် ဆုံးဖြတ်ရပ်တည်ချက်ကို တခဲနက် ထောက်ခံအားပေးကြရန်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တမင် ကန့်သတ်ဖယ်ထုတ်ထားသော ၂ဝ၁ဝရွေးကောက်ပွဲအား တရားမျှတ လွတ်လပ်သော ရွေးကောက်ပွဲတရပ်အဖြစ်လုံးဝအသိအမှတ် မပြုနိုင်ကြောင်း ထုတ်ပြန်ကြေညာကြပါရန် လေးနက်စွာ တိုက်တွန်းပန်ကြားအပ်ပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ
Tags: 2010 Elections, Election Laws, National Coalition Government of the Union of Burma, National League for DemocracyThis post is in: Press Release
Related Posts