Originally appeared in Burma Today
May 15, 2012Former political prisoners sent an appeal letter to President Thein Sein calling for the release of Ko Aye Aung who was sentenced 59 years imprisonment in 1999 for his participation in a protest in Rangoon in 1998 and all other remaining political prisoners.
မြန်မာစစ်အစိုးရက ၁၉၉၈ ခုနှစ်တွင် ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅ (ည) ၊ ၁၇ (၂၀) ၊ ၁၇ (၁) တို့ဖြင့် ၁၉၉၉ ခုနှစ် ဇန်န၀ါရီ ၁၅ ရက်နေ့တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် ၅၉ နှစ်နဲ့ အကျဉ်းချထားသူ ဒဂုံ အဝေးသင်တက္ကသိုလ်၊ ရူပဗေဒ အထူးပြု တတိယနှစ်ကျောင်းသား ကိုအေးအောင်နဲ့ အကျဉ်းကျခံ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် နိုင်ငံရေးအကျဉ်းသားဟောင်းများက မြန်မာသမ္မတ ဦးသိန်းစိန်ထံ စာရေးသား ပေးပို့ တောင်းဆိုထားကြောင်း သတင်းရရှိပါတယ်။
ကိုအေးအောင်ဟာ ၁၉၉၈ ခုနှစ် လှည်းတန်းလမ်းဆုံ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ပြီး အာဏာပိုင်များရဲ့ ဖမ်းဆီးမှု ခံခဲ့ရသူ ဖြစ်ကြောင်း၊ ကိုအေးအောင်နဲ့ အမှုတွဲ ၆၈ ဦး ရှိပြီး ကျန် အကျဉ်းသားများဟာ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင် ၄ ကြိမ်နဲ့ အခြား လွတ်ငြိမ်းချမ်းသာခွင့်များကြောင့် ပြန်လည် လွတ်မြောက်လာပြီး ဖြစ်ကြောင်း၊ ထို အမှုတွဲတွင် ကိုအေးအောင် တဦးထည်း အကျဉ်းကျခံနေရပြီး အခုအခါ စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင်တွင် ထောင်ကျနေကြောင်း၊ ၁၄ နှစ်နီးပါး အကျဉ်းကျပြီး ဖြစ်တဲ့အတွက် ကိုအေးအောင်ကို ပြန်လွှတ်ပေးစေလိုကြောင်း ယနေ့မြန်မာက လက်ခံရရှိတဲ့ နိုင်ငံရေးအကျဉ်းသားများ စုပေါင်းလက်မှတ်ထိုးထားတဲ့ သမ္မတထံ ပေးပို့စာတွင် ရေးသားထားပါတယ်။
၁၉၉၈ ခုနှစ် လှည်းတန်းလမ်းဆုံ ကျောင်းသားဆန္ဒပြပွဲတွင် ပါဝင် လှုပ်ရှားခဲ့သူ ကိုအေးအောင်ကို မြန်မာအာဏာပိုင်တွေက ပုဒ်မ ၅ (ည) ၊ ၁၇ (၂၀) ၊ ၁၇ (၁) တို့ဖြင့် ၁၉၉၉ ခုနှစ် ဇန်န၀ါရီ ၁၅ ရက်နေ့တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် ၅၉ နှစ် ကျခံစေလို့ အမိန့်ချခဲ့ကြောင်း၊ ကိုအေးအောင်ဟာ အကြမ်းဖက် လှုပ်ရှားမှု၊ အကြမ်းဖက် အဖွဲ့အစည်းနဲ့ ပါဝင် ပတ်သက်ခဲ့ခြင်း မရှိ၊ နိုင်ငံတော်အား ဆန့်ကျင် ပုန်ကန် ဖြိုခွဲလိုတဲ့ ဆန္ဒ မရှိဘဲ ဒီမိုကရေစီ အခွင့်အရေး သက်သက်ကိုသာ တောင်းဆိုခဲ့ကြောင်း၊ ထောင်ဒဏ် ကျခံနေရတဲ့အတွက် သူ့ရဲ့ ပုဂ္ဂလိကဘ၀ နစ်နာဆုံးရှုံးမှုသာမက မိသားစုလည်း ဒုက္ခကြီးစွာ ခံစားရကြောင်း၊ လူ့အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာပုံရိပ်ကိုပါ မှေးမှိန် ကျဆင်းစေကြောင်း ထိုစာတွင် ဆက်လက် ဖော်ပြထားပါတယ်။
မြန်မာအာဏာပိုင်များဟာ အစိုးရကို ဆန့်ကျင်တယ်လို့ ထင်မြင်ယူဆသူများကို ၁၉၈၈ ခုနှစ်မှ စတင်ကာ အစုလိုက် အပြုံလိုက် ဖမ်းဆီးကာ စိတ်တိုင်းကျ ဥပဒေများနဲ့ ထင်သလို ထောင်ချနေခဲ့ပါတယ်။ ထို အကျဉ်းသားများအနက် အတော်များများကို မြန်မာသမ္မတ ဦးသိန်းစိန်အမိန့်နဲ့၂၀၁၂ ခုနှစ်အတွင်း ပြန်လွှတ်ပေးခဲ့သော်လည်း အနည်းဆုံး လေးရာကျော်လောက်ကတော့ အကျဉ်းကျနေဆဲဖြစ်ကြောင်း အကဲခတ်များက ပြောပါတယ်။
Tags: Appeal, Burmese, Ko Aye Aung, Political Prisoners, President Thein SeinThis post is in: People's Voices
Related Posts