ပြည်သူ့လွှတ်တော်က ဇူလိုင်လ ၄ ရက်နေ့က အတည်ပြုလိုက်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းကို တိုင်းရင်းသားမီဒီယာ အများစု ပါဝင်ဖွဲ့စည်း ထားသည့် နိုင်ငံတကာ မြန်မာ့သတင်း (Burma News International- BNI) က ကန့်ကွက်လိုက်ပါသည်။
“ဒီဥပဒေဟာ အစိုးရရဲ့ဝန်ကြီးဌာန ဖြစ်တဲ့ ပြန်ကြားရေး ၀န်ကြီးဌာနကို သတင်းဌာနတွေရဲ့ မှတ်ပုံတင်ခွင့်ကို ထိန်းချုပ်ခွင့်ပေးလိုက်တာ ဖြစ်တယ်” ဟု ဘီအဲန်အိုင် အဖွဲ့ ဖွံ့ဖြိုးရေး အရာရှိ နန်းဖော့ဂေ က ပြောသည်။
“ဒီလို ထိန်းချုပ်ခွင့် ပေးလိုက်တဲ့အတွက် သတင်းလွတ်လပ်ခွင့်ကို အကြီးအကျယ် ထိခိုက်စေပါတယ်” ဟု နန်းဖော့ဂေက ဆက်ပြောသည်။
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေသည် သတင်းမီဒီယာများအား တနည်းတဖုံဖြင့် ထိန်းချုပ်ခြင်းသာ ဖြစ်သဖြင့် ဤ ဥပဒေမျိုး လိုအပ်ခြင်း မရှိဟု နိုင်ငံတကာ မြန်မာ့သတင်း (BNI) အဖွဲ့က မြင်သည်။
“သတင်းမီဒီယာတွေအတွက် သီးခြား မှတ်ပုံတင်တာမျိုး မလိုအပ်ဖူး ထင်ပါတယ်” ဟု BNI အဖွဲ့ဝင် အယ်ဒီတာ တဦးဖြစ်သူ ခိုင်မြတ်ကျော်မှ ပြောသည်။
“အခု ဥပဒေကြောင့် တိုင်းရင်းသား မီဒီယာတွေကို တိုင်းရင်းသား ပြည်နယ်တွေမှာ အကြောင်းအမျိုးမျိုးပြပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေက ပိုမိုထိန်းချုပ်လာနိုင်တဲ့ အတွက် တိုင်းရင်းသား မီဒီယာတွေ ဖွံ့ဖြိုး တိုးတက်မူ အပိုင်းကို ပိုမိုပြီး ထိခိုက်နိုင်တယ်လို့ မြင်ပါတယ်” ဟု ခိုင်မြတ်ကျော်က ဆက်ပြောသည်။
လွတ်လပ်ရေး ရပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် သတင်း လွတ်လပ်ခွင့် အတော်အသင့် ရှိခဲ့သော်လည်း ၁၉၆၂ ခုနှစ် တော်လှန်ရေး ကောင်စီ လက်ထက်တွင် ပုံနှိပ်သူ များနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ခြင်း ဥပဒေ ကို ထုတ်ပြန်ခဲ့ပြီး သတင်းမီဒီယာ ထိန်းချုပ်မှုများကို ပြုလုပ်ခဲ့သည်။
ဆက်သွယ်ရန်-
This post is in: Press Release
Related Posts