Signup Now!
Join our mailing list for latest news and information about Burma.

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ချင်းတိုင်းရင်းသားများ လူ့အခွင့်အရေး ချိုးဖေါက်ခံရခြင်းနှင့် ပတ်သက်၍ ပူးတွဲသဘောထား ထုတ်ပြန်ချက်

By Kaladan Development Foundation, Khumi Affairs Consultative Council, Chin Human Rights Organization, Chin National Democratic Party, Ethnic Nationalities Development Party, Asho Chin National Party  •  October 18, 2014

၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်

၁။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကုန်ပြင်ကျေးရွာနေ ချင်းတိုင်းရင်းသား များဖြစ်ကြ သည့် ဦးကျော်အောင်၊ ဦးအေးလှ၊ ဦးမောင်စိန်၊ ဦးကျော်မြင့်ဦး၊ ဦးအောင်ကျော်လှနှင့် ဦးအောင်ဆိုတို့ ၆ ဦးအား အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ၊ အမှတ် ၃၄၄ ခြေလျင်တပ်ရင်းမှ ဗိုလ်မှူးတင်ထွဋ်ဦးပါ ၁၃ ဦးအဖွဲ့မှ ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၈ မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် အဆက် အသွယ် ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် မတရားချုပ်နှောင် ရိုက်နက်ခဲ့သည့် အပြင် စက်တင်ဘာလ ၄ ရက် နေ့တွင် ဗိုလ်မှူးတင်ထွဋ်ဦးမှ ၄င်းတို့အား ကြိုတင် ရေးထား သည့် ဝန်ခံဂတိပြုစာရွက်ပေါ်တွင် အတင်းအကြပ် လက်မှတ်ရေးထိုး စေခိုင်းခြင်း များ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

၂။ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၉ – ၂၀ ရက်နေ့များတွင် ဦးကျော်အောင်၊ ဦးအေးလှ၊ ဦးမောင်စိန်၊ ဦးကျော်မြင့်ဦးနှင့် ဦးအောင်ဆိုတို့ ၅ ဦးအား တပ်ရင်းမှူး မှ ပြန်လည်တောင်းပန် ပါမည်ဟူသော အကြောင်းကြားစာဖြင့်၊ ၎င်းတို့အား ဖိတ်ကြား ခဲ့ပါသည်။ သို့သော် အမှန်တကယ် တွေ့ဆုံသောအခါ ၎င်းတို့အားတောင်းပန်ခြင်း မပြုဘဲ၊ ဗျူဟာမှူး ကိုယ်တိုင်ဦးစီးကာ ၄င်းတို့အား ဗိုလ်မှူးတင်ထွဋ်ဦးနှင့်အဖွဲ့မှ ချုပ်နှောင် ရိုက်နှက်ခြင်း မရှိပါဟူသော ကြိုတင်ရေးထားသည့် ဝန်ခံဂတိပြု စာရွက် ပေါ်တွင် အတင်းအကြပ် လက်မှတ်ရေးထိုး ခိုင်းခြင်း ထပ်မံ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

၃။ ချင်းအမျိုးသားတပ်ဦးသည် နိုင်ငံတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် (ပြည်ထောင်စုအဆင့်) လက်မှတ် ရေးထိုး ထားပြီးဖြစ်သည့် အပြင်၊ လက်ရှိ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး မှုများ ပေါ်ပေါက်နိုင်ရေးအတွက် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေသော တိုင်းရင်းသား အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။

၎။ ချင်းအမျိုးသား တပ်ဦးသည် ချင်းလူမျိုးများဖြင့် ဖွဲ့စည်းထားသော တပ်ဦးဖြစ်ပြီး၊ ဒေသခံ ချင်းတိုင်းရင်းသားများနှင့် တရင်းတနှီး နေထိုင်ဆက်ဆံခြင်း သည်လည်းကောင်း၊ ဒေသခံ ချင်းတိုင်းရင်းသားများ အနေဖြင့် ချင်းအမျိုးသားတပ်ဦး အဖွဲ့ဝင်များနှင့် အဆက်အဆံရှိခြင်းသည် လည်းကောင်း သဘောရိုးသာဖြစ်ပါသည်။ ထိုအချက်ကို နားလည်နိုင်ခြင်းမရှိဘဲ ဒေသခံများအား အတင်းအကြပ် ချုပ်နှောင် ရိုက်နှက်ခြင်းပြုခဲ့သော ဗိုလ်မှူးတင်ထွဋ်ဦးပါ တပ်မတော်သား ၁၃ ဦး၏ လုပ်ရပ်သည် မိမိနှင့် လူမျိုးချင်းမတူသည့် ဒေသခံတိုင်းရင်းသားများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်နေခြင်းဖြစ်သည်။

၅။ ယခုကဲ့သို့ ဒေသခံ တိုင်းရင်းသားများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု သည် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေ ချိန်တွင် အပစ်အခတ် ရပ်ထားသောဒေသများမှ ဒေသခံ တိုင်းရင်းသားများ အနေဖြင့် တပ်မတော်အပေါ် ယုံကြည်မှု ပျက်ပြားစေနိုင်သည့် လုပ်ရပ်တစ်ခု အဖြစ် ရှုမြင်သုံး သပ်သည်။

၆။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများ အနေဖြင့် ဒေသခံပြည်သူ များအတွက် တရားမျှတမှုရရှိစေရန် ကျူးလွန်ထားသူများအား ထိရောက်သော အရေးယူ မှုပြုလုပ်ပေးရန်၊ ဒေသခံပြည်သူများ လူ့ဂုဏ်သိက္ခာပြည့်ဝစွာ လုံခြုံမှု ရရှိစေ ရန်နှင့် နောင်တွင်လည်း မြန်မာ့ တပ်မတော်တပ်ဖွဲ့ဝင်များမှ ချင်းလူမျိုး အရပ်သားများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ထပ်မံမဖြစ် ပွားစေရန် အတွက် အစဉ်တစိုက် အလေးထားဆောင်ရွက်ပေးရန် အောက်ဖေါ်ပြပါ ချင်း နိုင်ငံရေးပါတီများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများအနေဖြင့် အလေးအနက် တိုက်တွန်းအပ်ပါသည်။

ကုလားတန် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Kaladan Development Foundation)
ခူမီးချင်းရေးရာအတိုင်ပင်ခံကောင်စီ (Khumi Affairs Consultative Council)
ချင်းလူ့အခွင့်အရေး အဖွဲ့အစည်း (Chin Human Rights Organization)
ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (Chin National Democratic Party)
တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးပါတီ (Ethnic Nationalities Development Party)
အရှိုချင်းအမျိုးသားပါတီ (Asho Chin National Party)

ဆက်သွယ်ရန်။
ဆလိုင်းကျဲအိုဘိခ်ထောင်း၊ အတွင်းရေးမှူး၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ။ ဖုံး – ၀၉၄၃၀၉၄၀၈၇
ဆလိုင်းအိုက်မောင်ညို၊ ညှိနှိုင်းရေးမှူး၊ ကုလားတန် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း။ ဖုံး – ၀၉၂၅၀၀၂၇၅၆၀

ပူးတွဲ သဘောထား ထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ် ရယူနိုင် ပါသည်။

Tags: , , , , , , , , , , ,

This post is in: Press Release

Related Posts