၂၀၀၅ မတိုင်ခင်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၇)ဖွဲ့နှင့် နိုင်ငံတော် အစိုးရအကြား အပစ်အခတ်ရပ်စဲရေး ရယူခဲ့ ကြသော်လည်း န၀တ၊ နအဖ အစိုးရ သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းသည့်အပြင် မြန်မာ-တရုတ် နယ်စပ် တစ်လျှောက်တွင် စီးပွားဖြစ် ဘိန်းစိုက်ပျိုး ထုတ်လုပ်သည်ကို လှစ်လျှူရှုထား ခဲ့ သဖြင့် မြန်မာနိုင်ငံ၏ အထွေထွေ အကြပ်အတည်း ပြဿနာများကို သက်ဆိုးရှည်စေ ခဲ့သည်ဟု ယနေ့ ထုတ်ဝေသည့် အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
“ဘိန်းနွံတွင်းက ငိုရှိုက်သံ” အမည်ရှိ ပအိုဝ်းလူငယ်အစည်းအရုံး (PYO)နှင့် တောင် တန်းဒေသ လူမှုဖွံ့ဖြိုးရေးလှုပ်ရှား ဆောင်ရွက်မှုအဖွဲ့ (AHLSD) တို့မှ စုစည်း သုံးသပ် ပြုစုထားသည့် အစီရင်ခံစာတွင် လက်နက်ကိုင် ပဋိပက္ခများနှင့် လယ်ယာ မြေ သိမ်းဆည်းမှု များကြောင့် ဘိန်းစိုက်ပျိုးလုပ်ငန်း ကြီးထွားလာပုံကို အသေးစိတ်ဖော်ပြ ထားပါသည်။
စိုက်ပျိုးရေးလုပ်ငန်းဖြင့် လယ်ယာမြေများကို မှီခိုနေကြသည့် မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ % သည် ပြည်မတွင် မြေယာ သိမ်းဆည်းမှု၏ အကျိုးဆက်ဖြစ်သော လယ်ယာမဲ့ ဘ၀ ရောက်သူများက အလုပ်အကိုင် ရရှိရေးအတွက် မြို့ပြများသို့ ပြောင်းရွေ့ လုပ်ကိုင် လာခြင်းနှင့်အတူ လုပ်ခလစာ နည်းပါးခြင်းကြောင့် ကျူးကျော်နေထိုင်မှု များ ဖြစ်ပေါ်ခဲ့သည်။ ထို့နည်းတူ ရှမ်းပြည်နယ်တောင်ပိုင်း တွင် မြေယာသိမ်းဆည်းမှု များကြောင့် လယ်ယာမဲ့ပြဿနာနှင့် ရင်ဆိုင်ရသူ အချို့သည် မိမိတို့ ၀မ်းရေးအတွက် ဘိန်းခြံများသို့ နေ့စား အလုပ်သမား အဖြစ် ပြောင်းရွေ့လုပ်ကိုင်ကြသလို အချို့သည် နယ်စပ်ကို ဖြတ် ကျော်၍ အိမ်နီးနားချင်းနိုင်ငံ များသို့ ရရာ အလုပ်များကို ရှာဖွေကြရာမှ လူကုန်ကူးမှု ပြဿနာပါ ကြီးထွားစေခဲ့ပါသည်။
“ဘိန်းစိုက်တယ် ဆိုတာ မြေကြီး (၅)ချက်ပေါက်တာနဲ့ ကိုယ်ကျိုးအတွက် (၁)ချက် သာ အကျိုးရှိတယ်။ ပထမတစ်ချက်ကတော့ ဗမာစစ်တပ်အတွက်၊ ဒုတိယတချက် ကတော့ ပြည်သူ့စစ်အတွက်၊ တတိယတစ်ချက်ကတော့ သူပုန်အတွက်၊ စတုတ္ထ အချက်ကတော့ ကျေးရွာဘက်စုံဖွံ့ဖြိုးရေးအတွက်၊ ပဉ္စမတစ်ချက်ရောက်မှ ကိုယ့် မိသားစု အတွက် အကျိုးဖြစ်တာ။ လက်ရှိမှာ တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနီးပါးက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ ထားကြ နေပြီဆိုပေမဲ့ သူတို့နှစ်ဦးနှစ်ဘက်က မူးယစ်ဆေး ၀ါးနှိမ်နှင်းရေး ပူးပေါင်းဆောင်ရွက်မှု အရမ်း အားနည်းနေသေးတာ ကို တွေ့ရ တယ်။” ဟု ပအိုဝ်းလူငယ် အစည်းအရုံး၏ စီမံကိန်း ဦးစီးမှူး ခွန်ဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် ဘိန်းပပျောက်ရေးနှင့် မူးယစ်ဆေးဝါးနှိမ်နှင်းရေး စီမံကိန်းကြီး (၃)ခု ကို နှစ်ပေါင်း (၃၄)နှစ်ကြာ ဆောင်ရွက် ပြီး ဖြစ်သော်လည်း လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားသော ရှမ်းပြည်တောင်ပေါ်ဒေသတွင် တရားမ၀င် အကောက်အခွန် များခြင်း၊ အဂတိ လိုက်စားမှုများခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူများအတွက် ဘ၀ပြန် လည်ပြုစု ပျိုးထောင်ရေး စီမံချက် လုပ်ငန်း ဆောင်ရွက်မှုတွင် ပြည်သူတို့၏ ပူးပေါင်း ပါဝင်ခွင့် အားနည်းခြင်းကြောင့် မူးယစ်ဆေးဝါးဈေးကွက် တွင်ကျယ်လာခြင်း၊ စိုက်ပျိုးမြေယာများ သိမ်းဆည်းခံရခြင်းနှင့် လယ်ယာထွက် ရာသီသီးနှံများကို စီးပွားဖြစ် တင်ပို့နိုင်မည့် ဈေးကွက် မရရှိခြင်း တို့ကြောင့် ဘိန်းပပျောက်ရေး စီမံကိန်း မအောင်မြင်သေးသည့် အကြောင်းရင်း ဖြစ်ပါသည်။
တည်ဆဲ မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေသည် စနစ်၏ သားကောင်ဖြစ်ကြရသော သာမန်ပြည်သူများစွာကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ သုံးစွဲမှုများကို ရုံးတင်စစ်ဆေး၍ နှစ်ရှည်ထောင်ဒဏ်ဖြင့် အရေးယူခဲ့သော်လည်း မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ပြောပလောက်သော နှိမ်နှင်းမှု မဖြစ်ခဲ့ချေ။ လက်ရှိ လွတ်တော် တွင် ၁၉၉၃ မူးယစ်ဥပဒေ အပါအ၀င် မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေပြဌာန်းချက် များ ပြန်လည်ပြင်ဆင် သုံးသပ်ချမှတ်ရေးအဆိုကို တင်သွင်းခြင်း မတွေ့ရသေးပေ။
မီဒီယာ ဆက်သွယ်ရန်:
ခွန်ဦး – ၀၉ ၃၃၅၅၂၂၄၉၀
ခွန်ချန်ကီ ၀၉ ၂၅၀၂၀၁၀၀၈
Email Contacts: [email protected], [email protected]
သတင်းထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ် ရယူနိုင်ပါသည်။
Tags: Action for High Land Society Development, Opium, Pa-O Youth Organization, ShanThis post is in: Press Release
Related Posts