၂၀၁၅ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့သည် ရဟန်းရှင်လူကျောင်းသားလူငယ်များနှင့်လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံး၏စွမ်းပကားဖြင့် တစ်ပါတီအာဏာရှင်စနစ်ကို စတင်တွန်းလှန်ဖြိုဖျက်နိုင်ခဲ့သည့် (၂၇)နှစ်မြောက် သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်သည်။ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကာလမှ ခေတ်အဆက်ဆက်တိုက်ပွဲအတွင်း အသက်၊ သွေး၊ ချွေးတို့ပေးဆပ်ကာ တိုက်ပွဲဝင်ရင်း ကျဆုံးသွားသော အာဇာနည်ရဟန်းရှင်လူကျောင်းသားလူငယ်၊ တိုင်းရင်းသားပေါင်းစုံပြည်သူတရပ်လုံးနှင့် မတရားဖမ်းဆီးခံနေရသည့် အာဇာနည်သူရဲကောင်းအပေါင်းတို့ကို မြန်မာနိုင်ငံကျောင်းသားလူငယ်ကွန်ဂရက် (SYCB) မှဦးညွတ်ဂုဏ်ပြုအပ်ပါသည်။
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ၏ အောင်ပွဲရလဒ်အဖြစ် ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို ပိုင်ဆိုင်ခဲ့သကဲ့သို့ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်ကို အခြေတည်ပေးခဲ့သည့် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆလ တစ်ပါတီအာဏာရှင် စစ်အစိုးရတို့ကိုလည်း အောင်းမြင်စွာဖျက်သိမ်းနိုင်ခဲ့သည်။ သို့သော်မြန်မာနိုင်ငံ၏နိုင်ငံရေးပြသာနာများဖြစ်သည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ငြိမ်းချမ်းရေး၊ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးတို့ကို အောင်ပွဲမဆင်နိုင်သေးပဲ လူမျိုးပေါင်းစုံပြည်သူတရပ်လုံးက ယနေ့ထိတိုင် နည်းမျိုးစုံဖြင့် ဆက်လက်တောင်းဆိုတိုက်ပွဲဝင်နေဆဲဖြစ်ပါသည်။ ထို့အတူ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး၏ တိုက်ပွဲရလဒ်ဖြစ်သော ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို နအဖ ( ကြံ့ဖွံ့) စစ်အုပ်စုမှ ၂၀၀၈ ( နာဂစ်) ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၁၀ ရွေးကောက်ပွဲဆိုသည်များဖြင့် အတင်းအဓမ္မအစားထိုးကာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုသည်ကို ဟန်ပြလုပ်ဆောင်၍ သူတို့၏ အာဏာတည်မြဲရေးကိုပဲ နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်ဖေါ်ဆောင်လျှက်ရှိသည်။
စစ်တပိုင်းအစိုးရသည် ပြည်တွင်း၊ ပြည်ပနှင့်နိုင်ငံတကာမှတောင်းဆိုနေသည့် အဖမ်းဆီးခံ ကျောင်းသားလူငယ်များအား ချွင်းချက်မရှိ အမြန်ဆုံးလွတ်ပေးရေး၊ နိုင်ငံရေးပြသာနာများကိုနိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတို့ကို မလုပ်ဆောင်ပဲ အကြမ်းဖက် ဖိနှိပ်ဖမ်းဆီးဖြိုခွဲရေး နည်းလမ်းများကိုသာ ယနေ့အချိန်ထိ ဆက်လက်ကျင့်သုံးနေဆဲဖြစ်သည်။ ထို့အတူ စစ်အုပ်စု သက်ဆိုးရှည်သည့် ၂၀၀၈ ( နာဂစ်) ဖွဲ့စည်းပုံအခြေခံဥပဒေအရကျင်းပမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးအတွက် မသမာသောနည်းလမ်းများဖြင့် အစွမ်းကုန်ကြိုးပမ်း ပြင်ဆင်နေခြင်း၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားလူငယ်များရဲ့တောင်းဆိုမှုများကို လျစ်လျူရှုကာ အကြမ်းဖက်ဖိနှိပ် ဖြိုခွင်းခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားသယောင်ပြောဆိုကာ တိုင်းရင်းသားလက်နက်ကိုင်အင်းအားစုတချို့ကို အင်အားသုံး ထိုးစစ်ဆင်တိုက်ခုက်နေခြင်း၊ အတိုက်အခံ ဒီမိုကရေစီအင်အားစုနှင့်တိုင်းရင်းသားအင်အားစုများအကြားနည်းမျိုးစုံဖြင့် သွေးခွဲသပ်လျှိုခြင်းများကို နေ့စဉ်နှင့်အမျှပြုလုပ်နေဆဲဖြစ်သည်။
ယနေ့ကာလ လူမျိုးပေါင်းစုံတိုင်းရင်းသားပြည်သူလူထုတရပ်လုံး ရင်ဆိုင်နေရသည့် အထွေထွေ နိုင်ငံရေးပြသာနာများကို ဖြေရှင်းနိုင်ရန်အတွက် စစ်အာဏာရှင်စနစ်၊ စစ်တပိုင်းအစိုးရသက်ဆိုးရှည်စေမည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းကာ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောက်စုကို ဖော်ဆောင်နိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ပေါက်လာအောင် ကြိုးပမ်းရမည်ဖြစ်ပေသည်။ ထို့ကြောင့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး၏ တန်ဖိုးဖြစ်သော လူမျိုးစုံပြည်သူအပေါင်းတို့၏ ရဲရင့်သည့် စုစည်းသညီညွတ်မှုစွမ်းပကားဖြင့် မိမိတို့ မျှော်မှန်းသည့် စစ်မှန်သော ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ကြီး တည်ဆောက်နိုင်သည်အထိ နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်တိုက်ပွဲဝင်သွားရမည်ဖြစ်ကြောင်း မိမိတို့မြန်မာနိုင်ငံကျောင်းသား လူငယ်များကွန်ဂရက်၏ သဘောထားကို ထုတ်ပြန်ကြေညာအပ်ပါသည်။
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံစိတ်ဓာတ်ကို ကိုင်စွဲကြ
စစ်အာဏာရှင်စနစ်မှန်သမျှကို အကုန်အစင် ဖျက်သိမ်းကြ
ဒီမိုကရေစီအရေးတော်ပုံ အောင်ရမည်
မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် ( SYCB)
ဆက်သွယ်ရန်။ ။ +၆၆ (၀) ၈၁၀၄၂၈၃၉၈၊ +၆၆ (၀) ၈၈၄၃၉ ၂၇၁၈
သဘောထားကြေညာချက် မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။
Tags: 2008 Constitution, 2015 Elections, 8888 Anniversary, Ethnic Nationalities, Military Regime, Students and Youth Congress of BurmaThis post is in: Press Release
Related Posts