Signup Now!
Join our mailing list for latest news and information about Burma.

၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC) မှ ထုတ်ပြန်ကြေညာချက်

By All Arakan Students' and Youths' Congress  •  October 17, 2015

(၁၉၆၂)ခုနှစ် ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းလိုက်ချိန်မှ (၂၀၁၀)ခုနှစ်ထိ မြန်မာပြည်သူလူထုအနေဖြင့် မိမိတို့၏ အုပ်ချုပ်သူအစိုးရအား လွတ်လပ်စွာ ရွေးကောက်တင်မြှောက်ခွင့်မရခဲ့ကြပေ။ လာမည့်ရွေးကောက်ပွဲမှာ လည်း လူထု၏ဆန္ဒနှင့် သဘောထားအမြင်ကို ထင်ဟပ်ခြင်းမရှိဘဲ စစ်တပ် (တပ်မတော်)က လက်ဝါးကြီးအုပ် ရေးဆွဲ ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်တွင်း ကျင်းပရသည်ဖြစ်ရာ ဒီမိုကရေစီစံချိန်စံနှုန်းများနှင့် အပြည့်အ၀ ကိုက်ညီခြင်းမရှိသေးဟု ဆိုရပေမည်။

ထို့ပြင် လူထုထောက်ခံမှုအားကောင်းသည့် အတိုက်အခံခေါင်းဆောင်နှင့် ပါတီများအား နည်းမျိုးစုံဖြင့် အပုပ်ချတိုက်ခိုက်ခြင်း၊ မဲဆွယ်စည်းရုံးရာတွင်လည်း ပုဂ္ဂိုလ်ရေးမုန်းတီးမှုနှင့် ဘာသာရေး လူမျိုးရေး အဓိကရုဏ်းကို အခြေခံ၍ဟောပြောခြင်း၊ အတိုက်အခံပါတီများအနေဖြင့် လွတ်လပ်စွာ မဲဆွယ်စည်းရုံးခြင်းမပြုနိုင်ရန် နည်းမျိုးစုံဖြင့် ဟန့်တားခြိမ်းခြောက် နှောင့်ယှက်နေခြင်းများကို အစိုးရအနေဖြင့် ထိရောက်စွာ ပိတ်ပင်တားမြစ်ခြင်း အရေးယူခြင်း မပြုဘဲ လျစ်လျူရှုထားသည့်အပြင် မဲစာရင်းမှာလည်း ရုပ်ပျက်ဆင်းပျက် မှားယွင်းနေသည်ဖြစ်ရာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်မြောက်ရေးအပေါ်ထားရှိသည့် အစိုးရ၏ စေတနာကို သံသယပွါးဖွယ်၊ စစ်မှန်သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အစိုးရ၏ သန္နိဋ္ဌာန်ကို မေးခွန်းထုတ်ဖွယ် ဖြစ်နေပေသည်။

သို့ဖြစ်ပါ၍ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မြောက်ရေးနှင့် စစ်မှန်သော ပါတီစုံဒီမိုကရေစီ စနစ် ပေါ်ထွန်းရေးအတွက် ဒီမိုကရေစီဖက်တော်သားများအနေဖြင့် မိမိတို့အချင်းချင်းကြား စိတ်ဝမ်းကွဲစေ၊ အင်အား ပြိုကွဲစေမည့် အမျိုးမျိုးသော လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်မှု၊ ပုဂ္ဂိုလ်ရေးအပုပ်ချမှု၊ လုပ်ကြံဝါဒဖြန့်မှု၊ သွေးထိုး လှုံ့ဆော်မှုများကို သတိထားရှောင်ရှားကြပါရန် မိမိတို့ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံးမှ အလေးအနက်ထား အကြံပြုတိုက်တွန်းအပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (ရ၊ က၊ လ၊ စ)
ဗဟိုဌာနချုပ်၊ ထိုင်း-မြန်မာနယ်စပ်

ဆက်သွယ်ရန်
ဖုန်း – + ၆၆ (၀) ၈၈ ၁၄၅ ၀၃၆၆

Tags: , , , , ,

This post is in: Press Release

Related Posts
Burma’s 2015 Elections and the 2008 Constitution
Statement by Kawthoolei Armed Forces on signing NCA
Burma 2014 Human Rights Report
Will the President of Myanmar Keep His Promise?
Now is the Time to Act, Sexual Violence Must End in Burma