Signup Now!
Join our mailing list for latest news and information about Burma.

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ပံ့ပိုးကူညီသူများအား အသိပေးတိုက်တွန်းခြင်း

By Myanmar Alliance for Transparency and Accountability and Land In Our Hands  •  January 10, 2016

၁၂.၁.၂၀၁၆ မှ စတင်၍ (၅) ရက်တာ ကျင်းပပြုလုပ်မည့် ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသည် စစ်မှန်သော ငြိမ်းချမ်းရေးနှင့် ပြည်သူလူထုလိုလားသော
ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြစ်ပေါ်လာစေရန်အားလုံးပါဝင်နိုင်သော လုပ်ငန်းစဉ်တစ်ရပ် မဟုတ်ဟု ကျွန်ုပ်တို့အရပ်ဘက်အဖွဲ့အစည်းများမှ သုံးသပ်ပါသည်။

ယခုညီလာခံတွင်ဆွေးနွေးမည့်အကြောင်းအရာများနှင့်ထွက်ပေါ်လာမည့်မူဘောင်များသည် ရှေ့ဆက်ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် အရေးကြီးသကဲ့သို့ ဆွေးနွေးမှုများတွင် ပံ့ပိုးကူညီသူများ၏ အခန်းကဏ္ဍသည်လည်း အမှားအယွင်းမခံနိုင်သည့် အခြေအနေဖြစ်သည့်အတွက် ပါဝင်သူတိုင်း အပြည့်အ၀ တာဝန်ယူမှု တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း နားလည်လက်ခံထားပြီးဖြစ်သည်ဟု ကျွန်ုပ်တို့အနေဖြင့် ယုံကြည် သည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးခွင့် မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး နှင့် လူထုဆန္ဒကို အမှန်တကယ်ကိုယ်စားပြုမည့် ပါဝင်သင့်သူများအားလုံး ပါဝင်ခွင့်မရှိသေးသော ယခုဆွေးနွေးမှုပုံစံသည် ပြည်သူလူထုလိုလားချက်များကို ပြည့်ဝစေနိုင်မည့် ဆွေးနွေးမှုရလာဒ်များ ရရှိရန်ခက်ခဲမည်ဟု ကျွန်ုပ်တို့ သုံးသပ်ပါသည်။
ယခုဆွေးနွေးပွဲတွင် ပံ့ပိုးကူညီသူများ၏ တာဝန်ကြီးလေးသော အခန်းကဏ္ဍအား လေးစားအသိအမှတ်ပြုသော်လည်း ညီလာခံတွင် ဆွေးနွေးမည့် အစီအစဉ်အသေးစိတ်ကို ကြိုတင်အသိပေးရန်ပျက်ကွက်သည့်အပြင်ပံ့ပိုးကူညီသူများအနေဖြင့်
ကောင်းမွန်စွာ ကြိုတင်ပြင်ဆင်ရန်လုံလောက်သည့်အချိန်မရှိခဲ့ဟုကျွန်ုပ်တို့ အနေဖြင့် သုံးသပ်ပါသည်။ ဆွေးနွေးမည့်အကြောင်းအရာများနှင့်ပတ်သတ်ပြီး လူထုရင်ဆိုင်ခံစားနေရသည့် ကိစ္စရပ်များကို ညီလာခံသို့ သယ်ဆောင်သွားနိုင်ရန် လူထုဆွေးနွေးပွဲများ ကျယ်ကျယ်ပြန့်ပြန့် မပြုလုပ်ခဲ့ ရခြင်းကြောင့် လူထု၏ဆန္ဒနှင့် သဘောထားအမှန်ကို အပြည့်အ၀ထင်ဟပ်နိုင်ရန် အခက်အခဲရှိမည်ဖြစ်သည်။

သို့ဖြစ်ပါ၍ ပံ့ပိုးကူညီသူများအနေဖြင့် အောက်ပါအချက်များအား ညီလာခံတွင် မဖြစ်မနေ ထည့်သွင်းဆွေးနွေးပေးပါရန်ကျွန်ုပ်တို့ အရပ်ဘက်အဖွဲ့အစည်းများမှ အလေးအနက်တိုက်တွန်းအပ်ပါသည်။

၁။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံးပါဝင်မှုရှိလာရန်

၂။ လူမျိုးစုအသီးသီးကို ကိုယ်စားပြုသော တိုင်းရင်းသားလူထုခေါင်းဆောင်များပါဝင်လာစေရန်

၃။ နိုင်ငံအ၀ှမ်း ကဏ္ဍအသီးသီးတွင် လုပ်ကိုင်ဆောင်ရွက်နေသော အရပ်ဘက်အဖွဲ့အစည်းများမှ
လွတ်လပ်စွာ ရွေးချယ်တင်မြှောက်သည့် ကိုယ်စားလှယ်များ ပါဝင်ခွင့် ရရှိရန်

၎။ ဆုံးဖြတ်ချက်ချရာတွင် သဘောထားဆန္ဒ မကွဲပြားနိုင်သည့် ကိုယ်စားလှယ်အစုအဖွဲ့များ၏ အချိုးကျ အရေအတွက်ကို လျော့ချရန် (ဥပမာ-တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့)

၅။ ငြိမ်းချမ်းရေးနှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် တိုက်ရိုက်တင်ပြမည့် ကာယကံရှင်များ ပါဝင်ဆွေးနွေးနိုင်သော အခင်းအကျင်းတစ်ရပ် မဖြစ်မနေဖော်ဆောင်ရန်။ (ဥပမာ – စစ်ရှောင် ပြည်သူများ၊ မြေယာသိမ်းဆည်းခံရသူများ၊ ရွှေ့ပြောင်းလုပ်သားနှင့် မိသားစုများ)

၆။ ညီလာခံတွင်ဆွေးနွေးမည့် ခေါင်းစဉ် ၅ ခု နှင့် ပက်သက်သော ပြဿနာ အခက်အခဲများကို သုတေသနအချက်အလက်များအပေါ် အခြေခံဖော်ထုတ်ဆွေးနွေး၍ သေချာစွာ ပြန်လည်လေ့လာသုံးသပ်မှုပြုပြီး ပြည်သူ့ဆန္ဒသဘောထားကို အခြေပြုဆုံးဖြတ်ရန်။

၇။ ဆွေးနွေးမှုများသည် တာဝန်ခံမှု တာဝန်ယူမှုရှိရမည်ဖြစ်ပြီး ဆွေးနွေးချက်ရလဒ်များကိုအများပြည်သူ သိရှိရန် တိုင်းရင်းသားဘာသာစကားမျိုးစုံဖြင့် အချိန်နှင့်တပြေးညီထုတ်ပြန်ပေးပြီးခွဲခြားဖိနှိပ်အရေးယူမှုမရှိပဲ လွတ်လပ်စွာ ဝေဖန်အကြံပြုနိုင်ရန်။

၈။ ညီလာခံအတွင်းဆွေးနွေးမှုများနှင့် ပက်သက်ပြီး ပြည်သူအများမှ ဖြည့်စွက်ပြင်ဆင်ရန် ဆန္ဒသဘောထားပြုပါက အလေးအနက်ထား သုံးသပ်ဆောင်ရွက်ပေးရန်။

၉။ နိုင်ငံတ၀ှမ်းရှိ မတရားမြေယာရယူသိမ်းဆည်းမှုများအား အလျှင်အမြန် ဖြေရှင်းရန် နှင့် မြေယာထပ်မံသိမ်းဆည်းခြင်းများ၊ ဒေသခံများ၏ တနိုင်တပိုင် လုပ်ငန်းများမှအပ သယံဇာတတူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများ ၊ ရင်းနှီးမြုပ်နှံမှုစီမံကိန်းများအား စစ်မှန်သောငြိမ်းချမ်းရေးမရရှိမီကာလအတွင်း ချွင်းချက်မရှိ အမြန်ဆုံးရပ်ဆိုင်းထားရန်။

၁၀။ နိုင်ငံသားများ၏ မူလအခွင့်အရေးအရ နိုင်ငံ၏ အရေးပါသော ကိစ္စရပ်များကို နိုင်ငံသားများမှ ပါဝင်ဆုံးဖြတ်ခွင့်ရှိသည်နှင့်အညီယခုညီလာခံအတွင်း ဆွေးနွေးဆုံးဖြတ်ချက်မှန်သမျှကိုနိုင်ငံသားများ၏ ဆန္ဒသဘောထားအတိုင်း မဖြစ်မနေထည့်သွင်းဆွေးနွေးရန်။

အရပ်ဖက်လူမှုအဖွဲ့အစည်းပေါင်း (၅၁၈)ဖွဲ့ဖြင့် ပါဝင်ဖွဲ့စည်းထားသော မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ (MATA) နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းပေါင်း (၅၃) ဖွဲ့ဖြင့် ပါဝင်ဖွဲ့စည်းထားသော ဒို့မြေကွန်ရက် (LIOH) မှ လေးလေးနက်နက်အသိပေးတောင်းဆိုအပ်ပါသည်။

လေးစားစွာဖြင့်
မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ (MATA) နှင့် ဒို့မြေကွန်ရက် (LIOH)
ဆက်သွယ်မေးမြန်းရန်

ကိုဇော်လွင် – ဖုန်း (၀၉-၄၂၃၆၈၃၃၉၁)
ကိုခိုင်ကောင်းစံ – ဖုန်း (၀၉-၄၅၀၅၄၂၈၉၅)
ကိုအောင်ကျော်မိုး – ဖုန်း (၀၉-၅၂၂၈၄၄၆)
ကိုသန့်ဇင် – ဖုန်း (၀၉-၄၂၂၁၉၀၆၉၁)
ကိုစည်သူ – ဖုန်း (၀၉-၄၀၃၇၀၆၀၅၂)

Tags: , , , , , ,

This post is in: Press Release

Related Posts
Burma Partnership Celebrates Continuing Regional Solidarity for Burma and Embraces the Work Ahead for Progressive Voice
Myanmar’s New Dawn :Opportunities for Aung San Suu Kyi and U.S.-Myanmar Relations
Expanding People’ Solidarity for a Just and Inclusive ASEAN Community
Civil society launches #FreeThe5KH campaign in support of the imprisoned ADHOC staff and NEC official
Myanmar logging ban a major step to forest sector reform