ပြည်သူများ၏ ဆန္ဒနှင့် ကိုက်ညီစွာ ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးများရွေးချယ်တင်မြှောက်နိုင်ရေး စည်းရုံးလှုံ့ဆော်ရေး လှုပ်ရှားမှု
လွှတ်တော်သက်တမ်းနှင့်တူညီသော လက်ရှိ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးများသည် ၂၀၁၆ ခုနှစ် ဇန္နဝါရီလ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်၍ အသစ်ပြန်လည်ရွေးကောက်မှုများကို ဇန္နဝါရီလ ၃၁ ရက်နေ့အတွင်း အပြီးပြုလုပ်တော့မည်ဟု လက်ရှိအစိုးရမှ ထုတ်ပြန်ညွှန်ကြားထားပြီ ဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း ၅ အုပ်ချုပ်ရေး ပါ ပုဒ်မ ၂၈၉ တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာကကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂိုလ်တစ်ဦးဦး အား ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေးဆောင်ရွက်စေရမည်ဟု ပြဋ္ဌာန်းထားသည်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို ၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ် တော် ဥပဒေအမှတ် ၁ အဖြစ် ပြဋ္ဌာန်းခဲ့သည်။ ထို့နောက် ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ပြင်ဆင်သည့်ဥပဒေကို ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၇ အဖြစ် ပုဒ်မ ၂၇ နောက်တွင် ပုဒ်မ ၂၇ – က အဖြစ် ဖြည့်စွက်ပြဋ္ဌာန်းခဲ့သည်။
ဤဥပဒေသဘောအရ ယခင်က ပြည်ထဲရေးဝန်ကြီးဌာနမှတိုက်ရိုက်ခန့်အပ်ခဲ့သော ရပ်ရွာအဆင့် အုပ်ချုပ်ရေးမှုးများကို ရွေးကောက်တင်မြှောက်သောစံနစ်ဖြင့် ရွေးချုယ်ခန့်အပ်ရန်ဖြစ်သည်။ မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်မိရပ်ဖ ၅ ဦးကိုရွေးချယ်၍ ကြီးကြပ် ရေးအဖွဲ့အဖြစ် တာဝန်ပေးအပ်ရမည်။ ဆယ်အိမ်စုမှူးရွေးခြင်း၊ ဆယ်အိမ်စုကိုယ်စားလှယ်များက အုပ်ချုပ်ရေးမှူးတစ်ဦးကို လျှို့ဝှက်ဆန္ဒမဲပေးရွေးချယ်ခြင်း – တို့ပြုလုပ်ပြီး ထိုသူ၏ အမည်စာရင်းနှင့် ကိုယ်ရေးအချက်အလက်တို့ကို ကြီးကြပ်ရေး အဖွဲ့က မြို့နယ်အုပ်ချုပ်ရေးမှူးထံတင်ပြရန်၊ မြို့နယ်အုပ်ချုပ်ရေးမှူးကစီစစ်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး၏အတည်ပြုချက်ဖြင့် အုပ်ချုပ်ရေးမှူးခန့်အပ်တာဝန်ပေးရန် ဖြစ်သည်။
သို့သော်လည်း ဤပြောင်းလဲဆောင်ရွက်မှုသည် နိုင်ငံသားတို့၏ နိုင်ငံသားနှင့်နိုင်ငံရေးရပိုင်ခွင့်များကို ကာကွယ်မပေးကြောင်း ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ (Action Committee for Democracy Development – ACDD) က ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင်ထုတ်ပြန်ခဲ့သော ရပ်ကွက် သို့မဟုတ် ကျေးရွာအုန်ချုပ်ရေးဥပဒေနှင့် ပါတ်သက်ပြီး လူထုသဘောထားစစ်တမ်းအစီရင်ခံစာတစ်စောင် ထုတ်ပြန်ပြီး ဝေဖန်ထောက်ပြခဲ့သည်။
ထိုအစီရင်ခံစာ၌
* ရပ်ကျေးဥပဒေကို မကြားဖူးသူ၊ မသိသူပြည်သူများ ၇၀ %ကျော်ရှိကြောင်း၊
* ဆယ်အိမ်မှုးစံနစ်ကို အခြေခံရွေးချယ်မှုသည် မဲပေးခွင့်ရှိသူများအားလုံးကို ကိုယ်စားပြုရာမရောက်ကြောင်း၊
* မဲပေးခွင့်တစုံတရာရသော်လည်း ရွေးချယ်မှုတွင် ရပ်မိရပ်ဖများက ပိုမိုအဓိကကျနေခြင်း၊ ပြည်ထဲရေးဠာနမှ ခန့်ထားသော ခရိုင်ထွေအုပ်များအတည်ပြုချက်မရလျှင်အတည်မပြုဘဲ ဖြစ်နေသောကြောင့် ပြည့်သူ့သဘောထားအမှန်ကို ထိန်းချုပ်ကန့်သတ်ထားခြင်း၊
* လက်တွေ့တွင်လည်း ပြည်သူအားအကျိုးပြုရေးထက် ပြည်ထဲရေး၏ညွှန်ကြားချက်ကိုသာတာဝန်ယူဆောင်ရွက်နေရခြင်း၊
* အုပ်ချုပ်ရေးမှုးကိုယ်တိုင် အာဏာပိုင်များနှင့်ပူးပေါင်း၍ အာဏာနှင့်လုပ်ပိုင်ခွင့်ကိုအလွဲသုံးစားပြုနေခြင်း များကို ထောက်ပြ၍၊
ရပ်ကွက် ကျေးရွာနေ ပြည်လူထု၏ နိစ္စဓူဝပြဿနာရပ်များအား ထိတွေ့ဆက်ဆံနေရသော အုပ်ချုပ်ရေးကဏ္ဍ၏ အခြေခံ အကျဆုံးဖြစ်သည့်၊ အောက်ခြေအဆင့်အစိုးရအဖွဲ့အစည်းဟု ဆိုရမည့် ရပ်ကွက် ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ရွေးကောက်တင်မြှောက်ရာတွင် ဒီမိုကရေစီနည်းကျဖြစ်သင့်ကြောင်း အကြံပြုတင်ပြခဲ့ပြီးဖြစ်ပါသည်။
လက်ရှိ ရပ်ကျေးဥပဒေသည် ပြည်သူများ၏ နိုင်ငံသားအခွင့်အရေး၊ နိုင်ငံရေးအခွင့်အရေးများကို အပြည့်အဝ ဖေါ်ဆောင်မပေးနိုင်ပါ။ သို့ပါသော်လည်း လက်ရှိဥပဒေအောက်ထဲမှာပင် အာဏာသည်ပြည်သူလူထုထံမှသက်ဆင်းရမည်ဆိုသည်ကို ပြည်သူမှသော်၎င်း၊ ရွေးချယ်ခံမည့်သူများမှသော်၎င်း အဓိက သိရှိလုပ်ဆောင်နိုင်အောင်ကြိုးစားရမည်ဟု မိမိတို့ ACDD မှခံယူသည်။
သို့ဖြစ်ပါ၍ –
၁။ ပြည်သူအများ လက်ရှိရပ်ကျေးဥပဒေကို သိရှိနားလည်ပြီး ထိရောက်စွာ အသုံးပြုကာ ၂၀၁၆ ခုနှစ် ဒုတိယလွှတ်တော်သက်တမ်းအတွင်း တာဝန်ထမ်းဆောင်မည့် ရပ်ကျေးအုပ်ချုပ်ရေးမှုးများကို ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မည့် မှန်ကန်စွာရပ်တည်မည့် ပြည်သူလူထုလိုလားသောသူများအားရွေးချယ်တင်မြှောက်နိုင်စေရန်
၂။ ယခုလာမည့် ရွေးချယ်တင်မြှောက်မှုတွင် လက်ရှိ ရပ်ကျေးဥပဒေ၏ အားနည်းချက်များကို လက်တွေ့သိမြင်ကာ လာမည့်လွှတ်တော်အသစ်ကာလတွင် ဥပဒေပြင်ဆင်မှုများကို ပူးပေါင်းအားထုတ်ဆောင်ရွက်နိုင်စေရန်၊
၃။ ပြည်သူများမှ ၎င်းတို့၏ နိုင်ငံသားနှင့်နိုင်ငံရေးအခွင့်အရေးများကို ပိုမိုသိရှိလာစေရန်ရည်ရွယ်၍ ပညာပေးလှုပ်ရှားမှုအစီအစဉ်တစ်ခုကို အောက်ပါအတိုင်းပြုလုပ်မည်ဖြစ်ပါ၍ မိတ်ဆွေ အရပ်ဖက်လူထုအဖွဲ့အစည်းအသီးသီးမှလည်း မိမိတို့ဒေသအသီးသီးတွင် အလားတူ လူထုပညာပေးအစီအစဉ်များ လှုပ်ရှားဆောင်ရွက်ခြင်းဖြင့် ဝိုင်းဝန်းပူးပေါင်းပါဝင်ပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
ရပ်ကျေးအုပ်ချုပ်ရေးမှုးများရွေးချယ်ရေးအဆင့်ဆင့်ပုံစံနှင့် အချိန်ဇယား
ယခုရပ်ကျေးအုပ်ချုပ်ရွေးမှုးများရွေးချယ်ရေးအတွက် အဆင့်ဆင့်ရွေးချယ်သွားမည့် အချိန်ဇယားမှာ အောက်ပါတိုင်းဖြစ်သည်။
၂၀၁၂ခုနှစ်၊၂၄ရက်ရက်နေ့ထုတ် ဥပဒေပါ ပြည်ထောင်စုဥပဒေအမှတ်(၁) ရပ်ကွက်(သို့)ကျေးရွာအုပ်ချုပ်ရေးမှူးဥပဒေ(၉)အရ ရွေးချယ်မည်။
(၁)အိမ်ထောင်ဦးစီးတစ်ဦးသာ(၁၀)အိမ်ခေါင်းရွေးချယ်ခွင့်ရှိသလို၊မဲပေးခွင့်ရှိသည်။
(၂)(၁၀)အိမ်ခေါင်းများထဲမှရာအိမ်မှူး(သို့)ကွက်စိတ်မှူးကိုရွေးချယ်ရမည်။
(၃)ရာအိမ်မှူး(သို့)ကွက်စိတ်မှူးများထဲကမှရပ်ကွက်(သို့)ကျေးရွာအုပ်ချုပ်ရေးမှူးကိုရွေးချယ်ရမည်။
(၄)အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင်မြို့နယ်ကဖွဲ့စည်းပေးထားသောရပ်မိရပ်ဖ(၅)ဦးကရွေးချယ်မည်။
(၆)ရပ်မိရပ်ဖ(၅)ဦးကိုမြို့နယ်က(၆.၁.၁၆)ရက်နေ့မှ(၁၀.၁.၁၆)ရက်နေ့အတွင်းအပြီးဖွဲ့မည်။
(၇)အရွေးချယ်ခံရသောရပ်မိရပ်ဖ(၅)ဦးသည်(၁၁.၁.၁၆)ရက်နေ့တွင်သင်တန်းတက်ရောက်ကြရမည်
(၈)ရက်ကျေးအုပ်ချုပ်ရေးမှူးများကို(၁၂.၁.၁၆)ရက်နေ့မှ(၁၇.၁.၁၆)ရက်နေ့တွင်အပြီးဖွဲ့ရမည်။
(၉)ရွေးချယ်ပြီးသောစာရင်းများကို(၂၂.၁.၁၆)ရက်နေ့တွင်ခရိုင်သို့ပို့ပေးပြီးရလာဒ်ထုတ်ပြန်မည်။
(၁၀)(လက်ရှိအုပ်ချပ်ရေးမှူးသက်တမ်းသည်ရ(၃၁.၁.၁၆)ရက်ထိဖြစ်သည်။
အကြံပြု လုပ်ငန်းစဉ်များ
ရွေးကောက်ပွဲမှာ ဇန္နဝါရီ ၃၁ ရက်ဟု သတ်မှတ်ကြေညာထားပါသည်။ ထို့ကြောင့် မိမိတို့ အရပ်ဖက်လူထုအဖွဲ့အစည်းများအတွက် ရပ်ရွာအတွင်း လူထုပညာပေးစည်းရုံးရေးလုပ်ချိန်မှာ ဇန္နဝါရီ တစ်လသာသာ မျှသာ အချိန်ရပါသည်။ မိတ်ဆွေအရပ်ဖက်လူထုအဖွဲ့အစည်းများ ဤလှုပ်ရှားမှုတွင်ပူးပေါင်းပါဝင်မည်ဆိုလျှင် အောက်ပါလုပ်ငန်းစဉ်များအား အကြံပြုလိုပါသည်။
၁။ အသိပညာပေးခြင်း
လက်ရှိဥပဒေ အရ ရွေးချယ်တင်မြှောက်ပုံတင်မြှေ က်နည်းနှင့် ပြည်သူများနှင့် နီးစပ်သော၊ ပြည်သူ့အကျိုးကိုကာကွယ်ရပ်တည်မည့်သူများရွေးချယ်ရန်လိုကြောင်းများအား –
– တအိမ်တက်ဆင်းလိုက်လံဆွေးနွေးခြင်း။
– ရပ်ကွက်၊ ရပ်ရွာအတွင်းရှိ သြဇာရှိပုဂ္ဂိုလ်များနှင့် တင်ပြခြင်း။
– အုပ်စုလိုက်ဆွေးနွေးပွဲများပြုလုပ်ခြင်း။
– လက်ကမ်းပညာပေးစာစောင်များ ဖြန့်ဝေခြင်း။
၂။ သင့်တော်သူများအား ရွေးချယ်မှုဖြစ်လာနိုင်ရေးအတွက်စည်းရုံးနှိုးဆော်ခြင်း။
– မည်သည့်အရည်အချင်း အရည်အသွေး ရှိသူများကို ရွေးချယ်သင့်သည်ဟူသောဆွေးနွေးပွဲများဖြင့်လှုံဆော်ခြင်း။
– လူထုစည်းဝေးပွဲများပြုလုပ်၍ ရွေးချယ်ခံမည့်သူများအား ဖိတ်ခေါ်ဆွေးနွေးစေခြင်း။
– ဖြစ်သင့်သောသူများကို တအိမ်တက်ဆင်းမိတ်ဆက်၍ ဆယ်အိမ်စုမှုးများ၊ ရာကွက်မှုးများကို အဆင့်ဆင့်ရွေးချယ်ရာတွင်ပါဝင်ရွေးချယ်ခံကြရန် မဲဆွယ်စည်းရုံးခြင်း။
– ရပ်မိရပ်ဖရွေးချယ်ရာတွင် ရပ်ရွာလူထုသဘောထားအခြေခံဖြစ်အောင် ဆွေးနွေးပွဲများဖန်တီးပေးခြင်း။
၃။ အခြားအင်အားစုများနှင့်ပူးပေါင်းလုပ်ဆောင်ခြင်း နှင့် သတင်းမီဒီယာများသို့ အသိပေးအကြောင်းကြားခြင်း။
– လက်လှမ်းမှီသော အရပ်ဖက်အခြေပြုအဖွဲ့အစည်းများ၏ဆုံချက်များသို့သွားရောက်ဆွေးနွေး၍ သေချာစွာတိုက်တွန်းနှိုးဆော်ပေးရန် စည်းရုံးတင်ပြခြင်း။
– မိမိတို့တွင်အဆင်သင့်ရှိသောလုပ်ငန်းစဉ်နှင့် ပညာပေး စာစောင်များမျှဝေခြင်း။
– အွန်လိုင်း ဆိုရှယ်မီဒီယာများအပါအဝင် သတင်းမီဒီယာများမှတစ်ဆင့် ရပ်ကျေးရွေးကောက်ပွဲကိစ္စအား အသိပေးခြင်း၊ နှိုးဆော်ခြင်း၊ လှုံ့ဆော်ခြင်း။
– လက်လှမ်းမှီသော အရပ်ဖက်လူထုအခြေပြုအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပူးတွဲတိုက်တွန်းနှိုးဆော်ချက်များထုတ်ပြန်ခြင်း
၎။ ရွေးကောက်ပွဲအခြေအနေနှင့် ရလာဒ်အကောင်အထည်ဖေါ်မှုကိုစောင့်ကြည့်ခြင်း
– ဆယ်အိမ်စုကို အိမ်ထောင်စု ၁၀ ရွေးရာတွင်၎င်း၊ (အချို့နေရာများတွင် ဆယ်အိမ်စုကို ကွက်ကျားဆောင်ရွက်တတ်သည်ကို သတိပြုပါရန်။)၊ ကွက်စိပ်မှုး၊ ရာစိပ်မှုးများ၊ ရပ်မိရပ်ဖများ၊ ရွေးချယ်ရာတွင်၎င်း ပြည်သူအများသိရှိအောင် ကြေညာခြင်းရှိမရှိ၊ မကြေညာလျှင် ကြေညာပေးရန် တာဝန်ရှိသူများကိုတိုက်တွန်းနှိုးဆော်ခြင်း။
– အုပ်ချုပ်ရေးမှုးရွေးချယ်ရာတွင် ရွေးချယ်မည့်အစီအစဉ် ပွင့်လင်းမြင်သာမှုရှိမရှိ၊ ရလဒ်ကို အကောင်အထည်ဖေါ်မှု ရှိမရှိစောင့်ကြည့်ခြင်း။
– ပြည်သူများရွေးချယ်မှုပြီးပါက ၎င်းတို့အတွေ့အကြုံများကို မှတ်တမ်းတင် စစ်တမ်းကောက်ယူခြင်း။
မိမိတို့ ACDD တွင်ပြင်ဆင်ထားသော လက်ကမ်းစာစောင်ကို ဤတိုက်တွန်းနှိုးဆော်စာနှင့်အတူ ပူးတွဲဖြန့်ဝေလိုက်ပါသည်။
လက်ကမ်းစာစောင်များကို ဤနေရာတွင် ဒေါင်းလုပ်ယူနိုင်သည်။
လုပ်ငန်းအစီအစဉ်ဖိုင်ကို ဤနေရာတွင် တွင်ဒေါင်းလုပ်ယူနိုင်သည်။
စည်းရုံးလှုံ့ဆော်ရေး လှုပ်ရှားမှု ဖိုင်ကို ဤနေရာတွင် ဒေါင်းလုပ်ယူနိုင်သည်။
Tags: Action Committee for Democracy Development, ASEAN, Campaign, Human Rights, Village Administrative LawThis post is in: ASEAN, Human Rights, Human Trafficking, Law, Military Regime
Related Posts