Signup Now!
Join our mailing list for latest news and information about Burma.

၂၀၁၃ ခုနှစ် ဘရူနိုင်းနိုင်ငံ အာဆီယံလူထုဆွေးနွေးပွဲ တက်ရောက်ခြင်းအပေါ် ထုတ်ပြန်ကြေညာချက်

By Burma Partnership  •  April 9, 2013

အာဆီယံထိပ်သီးညီလာခံနှင့်အပြိုင် နှစ်စဉ်ကျင်းပလေ့ရှိသော အာဆီယံလူထုအစည်းအဝေး (ASEAN Civil Society Conference/ASEAN People’s Forum) ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ငြိမ်ချမ်းရေးနှင့်လုံခြုံရေး၊ သဘာဝပတ် ဝန်းကျင်၊ လယ်ယာမြေ၊ အမျိုးသမီးနှင့်ကလေး၊ လူငယ်၊ လူ့အခွင့်အရေး၊ ရွေ့ပြောင်းအလုပ်သမား၊ တိုင်းရင်းသား လူနည်းစုများ၊ ဌာနေတိုင်းရင်းသားများ၊ ပြည်တွင်းအိုးအိမ်စွန့်ခွာ ထွက်ပြေးသူများ၊ ဒုက္ခသည်များ၊ ဘာသာရေး လူနည်းစုများ၊ အစရှိသည့် အရေးကိစ္စများနှင့်ပတ်သက်၍ ဆောင်ရွက်နေကြသော လူထုအခြေပြုအဖွဲ့အစည်း ပေါင်းစုံမှ ကိုယ်စားလှယ် ၃၀၀ ကျော်ဖြင့် ဧပရယ်လ ၆ ရက်မှ ၈ ရက် အထိ ဘရူးနိုင်းနိုင်ငံ ဘန်ဒါစရီဘီဂါဝန် မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဤလုထုအစည်းအဝေးသို့ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများ၊ Kaung Rwai Social Action Network, အမျိုးသမီးများအဖွဲ့ချုပ် – မြန်မာနိုင်ငံ နှင့် ကချင်အမျိုးသမီးအစည်းအရုံး – ထိုင်းနိုင်ငံ မှကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း ၁၂ ဦး တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲ ၃ ရက်တာကာလတွင် အာဆီယံဒေသအတွင်း ပဋိပက္ခများ အရှိန်မြင့်မားလာခြင်းနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ အသွင်းကူးပြောင်းရေးအချိန်ကာလအတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများ အကြောင်းကို မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့ တာဝန်ခံ ဒေါ်ခင်ဥမ္မာမှ ဆွေးနွေးတင်ပြခဲ့သည်။

ဤအလုပ်ရုံဆွေးနွေးပွဲတွင် ကချင်ပြည်နယ်အတွင်း တပ်မတော်၏ထိုးစစ်ဆင်နေမှုများနှင့် လူ့အခွင့်အရေးချိုးဖောက် မှုများ၊ ရခိုင်ပြည်နယ်နှင့် မိတ္ထီလာဒေသများအတွင်း ဖြစ်ပွားလျက်ရှိသော ဘာသာရေးအသွင်ဆောင်သော အကြမ်း ဖက်မှုများ စသည့်ကြောင်းအရာများကို ဆွေးနွေးဖလှယ်ခဲ့ပြီး တပြည်လုံးအပစ်ရပ်စဲရေး အကောင်အထည်ဖော်ရန်၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူထုအခြေပြုအဖွဲ့အစည်းများ ပါဝင်ခွင့်အပြည့်အဝပေးရန်၊ လူ့အခွင့်အရေးချိုးဖောက်မှု များကို ရပ်တန့်ရန်နှင့် အကြမ်းဖက်မှုများကို ကြီးထွားပျံ့နှံ့မသွားစေရေးအတွက် တားဆီးထိန်းသိမ်းရန် မြန်မာအစိုးရအား အာဆီယံအစိုးရများမှ ဝိုင်းဝန်းတိုက်တွန်းရန် အကြံပြုတောင်းဆိုမှုများ ပြုလုပ်ခဲ့ပါသည်။

ဤအစည်းအဝေးအဆုံးတွင် အာဆီယံလူထုဆွေးနွေးပွဲ၏ အစဉ်အလာအတိုင်း ဘရူနိုင်းနိုင်ငံ ၂၀၁၃ ခုနှစ် အာဆီယံ လူထုဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီမှ ၂၀၁၄ ခုနှစ် အာဆီယံလူထုဆွေးနွေးပွဲကို တာဝန်ယူကျင်းပမည့် မြန်မာနိုင်ငံသို့ လွဲပြောင်းမှုပြုလုပ်ခဲ့ရာ တက်ရောက်ခဲ့ကြသော အထက်ဖော်ပြပါ  အဖွဲ့အစည်းကိုယ်စားလှယ်များမှ အတူတကွ ပူးတွဲလက်ခံခဲ့ကြသည်။

အာဆီယံလူထုအစည်းအဝေးသည် လူထုအဖွဲ့အစည်းများမှ လွတ်လပ်စွာ ဦးဆောင်ကျင်းပပြီး နှစ်စဉ် အာဆီယံ ဒေသအတွင်းရှိ ပြည်သူများ၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် ဖွံ့ဖြိုးရေး အစရှိသော အခြေအနေများအပေါ် တွေ့ဆုံဆွေးနွေးဖလှယ်ကြပြီး အာဆီယံအစိုးရများထံသို့ စုပေါင်းတင်ပြတောင်းဆိုမှုများ ပြုလုပ်ရန် စုဆုံကြသော ဆုံရပ်ဖြစ်သည်။ သို့ဖြစ်ပါ၍ ၂၀၁၄ ခုနှစ်တွင်  မိမိတို့နိုင်ငံအပါအဝင် အာဆီယံဒေသတွင်းရှိ အလွှာပေါင်းစုံ လူထုအဖွဲ့အစည်းများနှင့် ပြည်သူများ လွတ်လပ်စွာပူးပေါင်းပါဝင်ခွင့်ရရေးနှင့် ၎င်းတို့၏ အမြင်သဘောထားများ ဆန္ဒများကို ပွင့်လင်းစွာထုတ်ဖော်တင်ပြနိုင်မည့် အစည်းအဝေးကြီးတစ်ခုဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး မိမိတို့လူထုအဖွဲ့အစည်းများအားလုံး၏ ညီညွှတ်သော ပူးပေါင်းပါဝင်မှုသည် အခြေခံကျပြီး အစိုးရမှ ဤအဖွဲ့အစည်းများ၏ လွတ်လပ်စွာလုပ်ဆောင်ခွင့်နှင့် အခန်းကဏ္ဍကို အပြည့်အဝအသိအမှတ် ပြုခြင်းဖြင့် ပံ့ပိုးကူညီပေးရန် အကြံပြုတင်ပြအပ်ပါသည်။

ဆက်သွယ်ရန် – ဒေါ်ခင်ဥမ္မာ – တာဝန်ခံ (မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများ) +၆၆ (၀) ၈၁ ၈၈၄ ၀၇၇၂

Tags: , , ,

This post is in: ASEAN

Related Posts