မြန်မာသက္ကရာဇ်၊ ၁၃၇၆ ခုနှစ်၊ နတ်တော်လဆုတ် ၄ ရက်
ခရစ်နှစ်၊ ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်
၁။ အမျိုးသား ပညာရေးဥပဒေ ပြဋ္ဌာန်း အတည်ပြုခြင်းအား ကျောင်းသားများနှင့် တက္ကသိုလ် ဆရာ၊ ဆရာမများက ကန့်ကွက် ဆန္ဒပြခြင်း များအပေါ် ရန်ကုန်တက္ကသိုလ်၊ ဆရာ၊ ဆရာမများအသင်းမှ အသိအမှတ်ပြုသည်။
၂။ ကန့်ကွက် ဆန္ဒပြခဲ့ကြသည့် ကျောင်းသား လူငယ်များနှင့် အားပေးထောက်ခံ ခဲ့ကြသည့် ဆရာ၊ ဆရာမများ၏ ကိုယ်ကျိုးစွန့်သည့် လုပ်ရပ်သည် အနာဂတ်မျိုးဆက်၊ အများပြည်သူများ၏ အကျိုးစီးပွားအလို့ငှာဆောင်ရွက် ခဲ့ကြခြင်းဖြစ်သည်ဟု အပြည့်အ၀ ယုံကြည် ထားသည်။
၃။ အမျိုးသားပညာရေး ဥပဒေတစ်ရပ် ဖော်ဆောင်ရန်မှာ အနာဂတ်မြန်မာ့ ပညာရေးအခန်း ကဏ္ဍအတွက် မရှိမဖြစ်လိုအပ်သည့် လုပ်ဆောင်ချက် တစ်ရပ်ဖြစ်သည်။
၎။ အမျိုးသား ပညာရေးဥပဒေအား တာဝန်ယူရေးဆွဲခဲ့ကြသည့် ပညာရှင်များနှင့် သက်ဆိုင် သူများအားလုံး၏ ကြိုးပမ်း အားထုတ်မှု များသည် အနာဂတ်မြန်မာ့ ပညာရေး အခန်းကဏ္ဍတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်ဟု ယုံကြည်သည်။
၅။ ယခု မျက်မှောက် ဖြစ်ပေါ်နေကြသည့် အမျိုးသား ပညာရေးဥပဒေနှင့် သက်ဆိုင်သည့် ကွဲလွဲမှုများ၊ ဆန့်ကျင်ဖက် သဘောပေါက် လက်ခံထားရှိမှုများနှင့် အပြန်အလှန်စေ့စပ် ညှိနှိုင်းမှုများ အားလုံးသည် အနာဂတ်မြန်မာ့ပညာရေး အခန်းကဏ္ဍအတွက် ကိုယ်ကျိုး စွန့် ဆောင်ရွက်နေကြသည့် ဖြစ်စဉ် တစ်ရပ်အဖြစ် သုံးသပ်သည်။
၆။ တက္ကသိုလ် ပရ၀ုဏ်များအတွင်း သုတေသန၊ သင်ကြားရေးနှင့် ပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့်များ အားလုံးအား အထက်အောက် ခွဲခြားဆက်ဆံခြင်း၊ လူနည်းစုမှ လူများစု၏ အနာဂတ်အကျိုးစီးပွားအတွက် ကြိုတင်စီမံ ချယ်လှယ်ဆုံးဖြတ်ချက်ချ ဆောင်ရွက်စေခြင်း များမှ ကင်းဝေးသည့်၊ အထက်အောက် အပြန်အလှန် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ အရည်အချင်းပြည့်မှီသည့် လုပ်ဆောင်မှုများ ရှိသည့် တက္ကသိုလ်ပညာရေး စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များ အလျှင်အမြန် အကောင်အထည် ဖော်ဆောင်ရွက်နိုင်စေရန် လိုလားသည်။
၇။ တက္ကသိုလ် ပရ၀ုဏ်များအတွင်း တာဝန်ထမ်းဆောင်မည့် မည်သည့်၊ မည်ကဲ့သို့သော ရာထူးအဆင့်အတန်း၊ ဂုဏ်ထူးဆောင်များ၏ အဆင့်အတန်းများ အားလုံးအား တက္ကသိုလ် ပရ၀ုဏ်အတွင်း သုတေသနနှင့် ပညာသင်ကြား သင်ယူလျက် ရှိကြသည့် ကျောင်း သား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများမှ အထက်အောက် အပြန်အလှန် ပွင့်လင်းမြင်သာစွာ ရွေးချယ်၊ သတ်မှတ်၊ ငြင်းဆို၊ ဆုံးဖြတ်ခွင့် ရရှိရန်အတွက် ဘက်မလိုက်သည့် ဂုဏ်သိက္ခာပြည့်ဝသော ပညာရေး အဖွဲ့အစည်းတစ်ရပ်အား အမြန်ဆုံး အကောင် အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် အပြည့်အ၀ ပူးပေါင်းပါ ၀င်ကူညီမည်ဟု ကမ်းလှမ်းသည်။
၈။ တက္ကသိုလ် ပရ၀ုဏ်များအတွင်း ပညာရေးဆိုင်ရာ ဂုဏ်သရေရှိ အဖွဲ့အစည်များ ဖွဲ့စည်းခြင်း တက္ကသိုလ်ကျောင်းသား ၊ကျောင်း သူများ၏ သမဂ္ဂအဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ တက္ကသိုလ် ဆရာ၊ဆရာမများ၏ သမဂ္ဂအဖွဲ့အစည်း များအား လွတ်လပ်စွာ သီးခြား ဖွဲ့စည်းခြင်းများတွင် အထက်အောက် အပြန်အလှန် သဘောတူခြင်း၊ ကန့်ကွက်ခြင်း၊ မဲခွဲခြင်း၊ အဆိုပြု ခြင်းနှင့် တက္ကသိုလ်၏ အချုပ်အခြာ အာဏာအား အဆိုပါအဖွဲ့အစည်း အားလုံး၏ အားပေး ထောက်ခံမှုရရှိသည့် လူပုဂ္ဂိုလ်(၀ါ) အဖွဲ့အစည်းများက လက်ခံရ ယူစေနိုင်မည့် ရွေးချယ်မှု စံနှုန်းတစ်ရပ် ချမှတ်ရန် လိုအပ်သည်ဟု ယုံကြည်သည်။
၉။ တက္ကသိုလ် ပရ၀ုဏ်အတွင်း အရည်အချင်းပြည့်မီမှုနှင့် တာဝန်ယူမှုမရှိသော မည်သည့် စီမံခန့်ခွဲမှု၊ သုတေသန၊ သင်ကြားရေးနှင့် အရည်အချင်း သတ်မှတ်မှုများကိုမဆို ဘက်လိုက်မှု မရှိသည့် ဆုံးဖြတ်အရေးယူ မှုများဆောင်ရွက်နိုင်မည့် စံနှုန်းများအား အချိန်နှင့် တပြေးညီ သတ်မှတ်၊ ပြင်ဆင်၊ ဖြည့်ဆွက် ပြဋ္ဌာန်းမှုများ ဆောင်ရွက်ရာတွင် အထက်အောက် ခွဲခြားဆက်ဆံမှုများ မရှိသည့် ပူးပေါင်း ဆောင်ရွက်မှုများအား အထူးလိုလားသည်။
၁၀။ တက္ကသိုလ် ပရ၀ုဏ်များအတွင်း စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များ အားလုံးသည် သုတေသန နှင့် ပညာသင်ကြားရေး လုပ်ငန်းစဉ် များအတွက် အထောက်အပံ့ အကူအညီကောင်းများအဖြစ် အပြည့်အ၀ ထောက်ပံ့ကူညီမှုများ ပေးစွမ်းနိုင်ရမည့်အပြင်၊ သုတေသနနှင့် ပညာရပ်များ လုပ်ကိုင်ဆောင်ရွက်လျက် ရှိကြသည့် တက္ကသိုလ်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အားလုံး၏ အကျိုးစီးပွားနှင့် ရလဒ်ကောင်းများ အတွက်သာ ရှေးရှုသည့် စီမံခန့်ခွဲမှုများအဖြစ် သတ်မှတ်ပြဋ္ဌာန်း အကောင် အထည်ဖော်ဆောင် ရွက်သင့်သည်ဟု ရန်ကုန်တက္ကသိုလ်၊ ဆရာ၊ ဆရာမများအသင်းမှ အပြည့်အ၀ ယုံကြည်ထားသည်။
၁၁။ တက္ကသိုလ် ပညာရေး စီမံခန့်ခွဲမှု အဖွဲ့အစည်းများ၊ သုတေသနနှင့် သင်ကြားရေး လုပ်ငန်းများ ဆောင်ရွက်ကြမည့် တက္ကသိုလ် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အားလုံးသည် အထက်အောက် ခွဲခြားဆက်ဆံမှု မရှိသည့်၊ အပြန်အလှန် ယုံကြည် များ ဖြစ်ထွန်းလာစေရန်အတွက် သတင်းထုတ်ပြန်မှုများနှင့် အရည်အချင်း သတ်မှတ်မှုစံနှုန်းများအား ပွင့်လင်းမြင်သာစွာ အချိန်နှင့် တပြေးညီ ထုတ်ပြန်ကြေငြာရန် တောင်းဆိုသည်။
၁၂။ ပွင့်လင်းမြင်သာမှု မရှိသည့်၊ မည်သည့် လုပ်ဆောင်ချက်အမိန့်၊ ဆုံးဖြတ်လမ်းညွှန်ချက်၊ တာဝန်ပေးမှု၊ တာဝန်ယူမှု၊ အရည်အချင်း သတ်မှတ်မှု မှန်သမျှအားလုံးအား အဂတိ လိုက်စားခြင်း၊ ခြစားခြင်းများနှင့် အမျိုးသားရေး သစ္စာဖောက်ခြင်း လုပ်ရပ်များအဖြစ် ရန်ကုန်တက္ကသိုလ်၊ ဆရာ၊ ဆရာမများအသင်းမှ အပြည့်အ၀ ဆန့်ကျင်ရှုံ့ချသွားမည်။
ရန်ကုန်တက္ကသိုလ်၊ ဆရာ၊ ဆရာမများအသင်း
Tags: National Education Bill, Yangon University Teachers' AssociationThis post is in: Press Release
Related Posts