Signup Now!
Join our mailing list for latest news and information about Burma.

Statement No. (12/2015)မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ၁၀-၃-၂၀၁၅ တွင် လက်ပံတန်းမြို့၍ အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ပေးရေးအတွက် ဆန္ဒပြသော သပိတ်စစ်ကြောင်းအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းခဲ့မှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်

By Myanmar National Human Rights Commission  •  September 11, 2015

၁။ ၁၀-၃-၂၀၁၅ နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၌ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် ဆန္ဒပြခဲ့သော သပိတ်စစ်ကြောင်းအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းခဲ့ရာတွင် တာဝန်အရလုပ်ဆောင်ခြင်းထက် ပိုလွန်၍ဆောင်ရွက်ကြောင်း၊ အသက်အန္တရာယ်ထိခိုက်စေနိုင်သည့် နေရာများကို ရိုက်နှက်ကြောင်း၊ အဓိကရုဏ်း နှိမ်းနှင်းရေး အဆင့်များအတိုင်း ဆောင်ရွက်မှုမရှိကြောင်း၊ အချို့ရဲတပ်ဖွဲ့ဝင်များက အမိန့်မနာခံဘဲ လုပ်ဆောင်ကြောင်း၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေဖြင့် တရားစွဲဆိုရမည့်အစား ရာဇသတ်ကြီးဥပဒေ ပုဒ်မများဖြင့် တရားစွဲဆိုကြောင်း သသည့်တိုင်တန်းချက်များကို မှတ်တမ်းတင်စာအုပ်စာတမ်းများ၊ ဗွီဒီယိုတိပ်ခွေ များနှင့်အတူ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ရရှိခဲ့ပါသဖြင့် ကော်မရှင်အဖွဲ့ဝင် ၃ ဦး ပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးခဲ့ပါသည်။

၂။ စု့စမ်းစစ်ဆေးရေးအဖွဲ့သည် ၁၃-၇-၂၀၁၅ နေ့မှ ၂၇-၈-၂၀၁၅ နေ့ထိ အထက်ပါကိစ္စတွင် ပါဝင်ပတ်သက်ခဲ့သော သံဃာ ၂ ပါး ၊ ကျောင်းသား၊ ကျောင်းသူနှင့် ၀န်းရံသူ ၂၂ ဦး၊ ဋ္ဌာနဆိုင်ရာဝန်ထမ်း ၄ ဦး၊ သတင်းမီဒီယာ ၅ ဦး၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် ( NNER) အဖွဲ့ဝင် ၅ ဦး ၊ စုစုပေါင်း ၃၈ ဦးတို့ကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊ သာယာဝတီဗဟိုထောင်နှင့် လက်ပံတန်းမြို့တို့တွင် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ၁၁-၈-၂၀၁၅ နေ့တွင် အခင်းဖြစ်ပွားသည့်နေရာသို့လည်း သွားရောက်ကြည့်ရှုလေ့လာခဲ့ပါသည်။

၃။ အခင်းဖြစ်ပွားသည့်ကိစ္စကို အနီးကပ်ကြပ်မတ်ကွပ်ကဲခဲ့သော ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သက်ဆိုင်သည့် ၀န်ကြီးထံသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေ ပုဒ်မ ၃၅နှင့်အညီ သက်သေထွက်ဆိုချက် ရယူရန် လိုအပ်သဖြင့် စာဖြင့်မေတ္တာရပ်ခံခဲ့သော်လည်း အစီရင်ခံစာတင်ပြချိန်အထိ လက်ခံရရှိခဲ့ခြင်းမရှိပါ။

၎။ အခင်းဖြစ်ပွားသည့် ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အောက်ပါအတိုင်းသုံးသပ်ပါသည်-
(က) လက်ပံတန်းမြို့သို့ ဆန္ဒပြသပိတ်စစ်ကြောင်း စတင်ရောက်ရှိသည့် ၁၇-၂-၂၀၁၅ နေ့မှ အခင်းဖြစ်ပွားသည့်နေ့မတိုင်မီ ၉-၃-၂၀၁၅ နေ့အထိ ၂၁ ရက်တိုင်တိုင် လုံခြုံရေးကွပ်ကဲမှုအဖွဲ့သည် သပိတ်စစ်ကြောင်းမှ ခေါင်းဆောင်များ၊ NNER မှ အဖွဲ့ဝင်များနှင့် ငြိမ်းချမ်းစွာ အကြိမ်ကြိမ်အခါခါ ဆွေးနွေးညှိနှိုင်းခဲ့ကြခြင်း၊ သပိတ်စခန်းဖွင့်ထားသည်ဆိုသော်လည်း ဆူပူအောင်ဟစ် လှုံ့ဆော်မှုများမရှိဘဲ သပိတ်စစ်ကြောင်း၌ ပါဝင်ခဲ့ သောကျောင်းသား၊ ကျောင်းသူများသည် လွတ်လပ်စွာဝင်၊ ထွက်သွားလာလှုပ်ရှားခဲ့ကြခြင်း၊ မိဘအုပ်ထိန်းသူများမှလာရောက်ခေါ်ယူသော ကျောင်းသူ၊ ကျောင်းသားများကိုလည်း အေးချမ်းစွာ ပြန်လည်စေလွတ်ပေးခဲ့ခြင်း၊ နိုင်ငံရေးပါတီအချို့၊ အဖွဲ့အစည်းအချို့နှင့် လူပုဂိုလ်အချို့တို့မှ ၀င်၊ ထွက်မှုများ၊ ဆွေးနွေးဟောပြောမှုများ၊ အစားအသောက်၊ အသုံးအဆောင်နှင့် ငွေကြေးများလှူဒါန်းခြင်းကို ခွင့်ပြုခဲ့ခြင်း၊ တီးဝိုင်းနှင့် အဆိုတော်များမှ လာရောက်ဖြေဖျော်ခဲ့ခြင်း၊ ဆန္ဒပြသူနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား အပြန်အလှန်နားလည်မှု၊ လေးစားမှု၊ ထောက်ထားညှာတာမှုများဖြင့် အပြုသဘောဆောင် သောဆက်ဆံရေးများ ရှိခဲ့ခြင်းတို့သည် ဒီမိုကရေစီစနစ်ကို ငြိမ်းချမ်းစွာအကောင်အထည် ဖော်နေခြင်းများဖြစ်သဖြင့် နိုင်ငံ၏ ပုံရိပ်ကောင်းများအဖြစ် ဖော်ဆောင်နိုင်ခဲ့ကြောင်း သုံးသပ်ပါသည်။
(ခ) သို့သော် ၁၀-၃-၂၀၁၅ နေ့တွင် ဆန္ဒပြသပိတ်စစ်ကြောင်းထက် အင်အားများလာ ရဲတပ်ဖွဲ့ဝင်များက တုတ်နှင့် ဒိုင်းများ ကိုင်ဆောင်၍ ၀င်/ ထွက်လမ်းကြောင်းများကို ပိတ်ဆို့ခဲ့ပြီး၊ ဆန္ဒပြသူများက တစ်ဖွဲ့ချင်းတိုးပြီး အဖမ်းခံပါမည်ဟု ပြောသော်လည်း ရဲတပ်ဖွဲ့က ဥပဒေနှင့်အညီ ဖမ်းဆီးခြင်းမရှိဘဲ ရဲတပ်ဖွဲ့ဝင်များအကြား ရေသန့် ဗူး ၁ လုံး ကျရောက်လာခြင်းမှ စတင်၍ အဓိကရုဏ်းဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။

(ဂ) ရဲတပ်ဖွဲ့ဝင်များမှ ကနဦးတပ်ဖြန့်ရာတွင် တားဆီးရေးအဖွဲ့နှင့် ဖမ်းဆီးရေးအဖွဲ့များ ခွဲခြား၍ ကွပ်ကဲရေး အရာရှိများ တာဝန်ပေးအပ်ပြီး စနစ်တကျဖွဲ့စည်းဆောင်ရွက်ခဲ့သော်လည်း အမှန်တကယ် တွန်းတိုက်မှုများ ဖြစ်ပွားချိန်တွင် နှစ်ဘက်အဖွဲ့များ ရော ထွေးသွားပြီး ထိရောက်စွာကွပ်ကဲမှု ကပြုနိုင်တော့ကြောင်းသုံးသပ်ပါသည်။

(ဃ) ကွပ်ကဲမှု လျော့နည်းသွားသဖြင့် အချို့ရဲတပ်ဖွဲ့ဝင်များသည် တွေ့မြင်ကရာ ရိုက်သူ ကရိုက်၊ တားဆီးသူက တားဆီး၊ ဒိုင်းဖြင့် ကာကွယ်သူက ကာကွယ် စသည်ဖြင့် စနစ်ကျနမှုမရှိသောအသွင်သဏ္ဍန်သို့ ပြောင်းလဲသွားကာ EU နည်းစနစ်ဖြင့် လေ့ကျင့်ထားသောပုံစံများလည်း ပျက်ယွင်းသွားခဲ့ကြောင်း သုံးသပ်ပါသည်။
(င)အောင်မြေဗိမာန်ဘုန်းကြီးကျောင်းအတွင်း ဖမ်းဆီးရှာဖွေမှုများကို နယ်မြေခံရဲတပ်ဖွဲ့ ၀င်များမှသာ လုပ်ထုံး လုပ်နည်းများ နှင့်အညီ စနစ်တကျ ပြုလုပ်သင့်သော်လည်း ရဲတပ်ရင်းမှ အချို့ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်ဆောင်ရွက်သဖြင့် မလိုလားအပ်သော အထင်အမြင်လွဲမှားမှု၊ ပစ္စည်းပျောက်ဆုံးမှုများ ဖြစ်ပွားခဲ့ရကြောင်း၊ ကျောင်းတွင် သီတင်းသုံးနေသော သံဃာတော်များ၏ ရဲတပ်ဖွဲ့အပေါ် ယုံကြည်မှုများလည်း ပျက်ပြားသွားခဲ့ကြောင်း သိရှိရပါသည်။

(စ) သပိတ်မှောက်စစ်ကြောင်း၏ ပြန်ကြားရေးယာဉ် ( လှုံ့ဆော်ယာဉ်) ကို ရဲတပ်ဖွဲ့ဝင်အချို့က ထုရိုက်ကန် ကျောက်ဖျက်ဆီးခြင်းများသည် လုပ်ထုံးလုပ်နည်းများနှင့်အညီ နည်းလမ်းတကျ ပြုမှုဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုရန် ခဲယဉ်းကြောင်း သုံးသပ်ပါသည်။

(ဆ) လက်ပံတန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အသံချဲ့စက်ဖြင့် သတိပေးတားမြစ်ချက်များအား အကြိမ်ကြိမ် အခါခါ ထုတ်လွင့်ပြောကြားခြင်း၊ ဆန္ဒပြသူများကလည်း အသံချက်စက်ဖြင့် တုန့်ပြန်ဆိုခဲ့ကြခြင်း၊ အနီးကပ်အပြန်အလှန်ဆဲဆိုနေကြခြင်း များကြောင့် အသံများရှုပ်ထွေးဆူညံခဲ့ကြောင်း၊ တစ်မိန့်တည်း တသံတည်းဖြင့် သတ်သတ်မှတ်မှတ်အမိန့်ပေး ကွပ်ကဲနိုင်ခဲ့ခြင်း မရှိကြောင်းသုံးသပ်ပါသည်။

(ဇ)မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က ၉-၃-၂၀၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကျောင်းသားကိစ္စများ ထိန်းသိမ်းဆောင်ရွက်ရမည့် တပ်ဖွဲ့ဝင်များအနေဖြင့် တုတ်၊ ဒိုင်း၊ သေနတ် များ ကိုင်တွယ်ခြင်းမပြုဘဲ လက်ထိတ်၊ လက်ထိတ်ကြိုးများကိုသာ ကိုင်တွယ်အသုံးပြု ရန် ညွန်ကြားချက်အား ရဲတပ်ဖွဲ့ဝင်အချို့က လိုက်နာခြင်းမရှိခဲ့ကြောင်း တွေ့ရှိရပါသည်။

(ဈ ) ဆန္ဒပြသူအချို့၏ ဦးခေါင်းနှင့် မျက်နှာများတွင် ထိခိုက်ဒဏ်ရာ ရရှိမှုများ ဖြစ်ပေါ်ခဲ့ခြင်းသည် ရဲလက်စွဲပါ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်မှုအားနည်းကြောင်း တွေ့ရှိရပါသည်။
(ည) ရဲတပ်ဖွဲ့၏ လုံခြုံရေးစီမံချက်တွင် သတိပေးတားမြစ်သော်လည်း လူစုမကွဲပါက အင်အားပိတ်ဆို့လူစုခွဲခြင်း၊ ရေလုံးဖြင့် လူစုခွဲခြင်း၊ အသံဖြင့် ခြောက်လှန့်၍ လူစုခွဲခြင်းတို့ဖြင့် ဆောင်ရွက်မည်ဟု ဖော်ပြထားသော်လည်း ရိုက်နှက်ဖမ်းဆီးခဲ့ခြင်းသည် သတ်မှတ်ထား သောအဆင့်များကို ကျော်လွန်ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။

( ၅) သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေဖြင့် အောက်ပါအတိုင်း အကြံပြုတိုက်တွန်းအပ်ပါသည်-

(က) အဓိကရုဏ်းဖြစ်ပွားသည့် ၁၀-၃-၂၀၁၅ နေ့တွင် နည်းလမ်းတကျလိုက်နာ ဆောင်ရွက်ခြင်းမရှိသော ရဲတပ်ဖွဲ့ဝင်များအား ထိုက်သင့်သလို အရေးယူသင့်ပါသည်။

(ခ) ရဲတပ်ဖွဲ့ဝင်များအား ရေသန့်ဗူးဖြင့် စတင်ပစ်ပေါက်ခဲ့သူများ၊ ရဲတပ်ဖွဲ့၏မိုဘိုင်းတဲများနှင့် အတားအဆီးများအား ဖျက်ဆီးခဲ့သူများ၊ တုတ်၊ ခဲများဖြင့် ပစ်ပေါက်ခဲ့သူများအား ဥပဒေနှင့်အညီအရေးယူသင့်ပါသည်။

(ဂ) ရုန်းရင်းဆန်ခတ်ဖြစ်ပွားချိန်တွင် အဓိကရုဏ်းနှိမ်နင်းရေး လုပ်ငန်းစဉ်အဆင့်ဆင့်အတိုင်း မလုပ်ဆောင်ဘဲ အဆင့်ကျော်လွန်ပြီးဆောင်ရွက်ခဲ့သူများအား အရေးယူသင့်ပါသည်။

Tags: , , , , ,

This post is in: NHRC Monitor, Press Release

Related Posts
“Prison Conditions in Burma and The Potential for Prison Reform” Report
Statement – Assistance Association for Political Prisoners (Burma): Month in Review (July 2016)
Human Rights Watch: “They Can Arrest You at Any Time” The Criminalization of Peaceful Expression in Burma
Burma: Dismantle Infrastructure of Repression
Burma: Proposed Assembly Law Falls Short