ရက်စွဲ -၂၉.၁၀.၂၀၁၄
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့က ကျိုက်မရောမြို့ စက်လှေဆိပ် တွင် မြန်မာစစ်တပ်က အလွတ်တန်း သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးအား ဖမ်းဆီးခဲ့ပါသည်။ ထို့နောက် မြန်မာ့ တပ်မတော် ခြေမြန် တပ်ရင်း ၂၀၈တွင် ချုပ်နှောင်ဖမ်းဆီး၍ စစ်ဆေး မေးမြန်းသည်ဟု သိရပါသည်။ ၄င်းနောက် အောက်တိုဘာ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှနေ၍ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ ကိုအောင်ကျော်နိုင်မှာ ကလို့ ထူးဘော ကရင်အဖွဲ့အစည်းမှ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ယောက်ဖြစ်ကြောင်း စစ်ဆေးနေစဉ် အစောင့်တပ်သားထံမှ သေနက် လုယူ၍ ထွက်ပြေးသဖြင့် ပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်လာပါသည်။ ကလို့ထူးဘောတပ်ဖွဲ့မှ ၄င်းတို့၏ တပ်ဖွဲ့ဝင် မဟုတ် ကြောင်း ငြင်းဆိုထားပါသည်။ ကိုပါကြီးမှာ ဖြစ်ပေါ်လျက်ရှိသော အစိုးရ စစ်တပ်နှင့် DKBA တပ်များ၏ တိုက်ပွဲသတင်းကို ဓာတ်ပုံသတင်း ရယူသော သတင်းထောက် တစ်ယောက်သာဖြစ်သည်ဟု သိရပါသည်။
၎င်းဖြစ်စဉ်တွင် နိုင်ငံတကာ လက်နက်ကိုင် တပ်ဖွဲ့များ လိုက်နာရမည်ဖြစ်သော သဘောတူညီချက်အရ စစ်ပွဲ အတွင်း ဖမ်းဆီးချုပ်နှောင် ခံရသောသူများ၊ လက်နက် ချသူများကို ကိုယ်လက်အင်္ဂါ ချို့ယွင်းအောင်နှိပ်စက်ခြင်း၊ အကြမ်းဖက် သတ်ဖြတ်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း မပြုလုပ်ရဆိုသည့် သဘောတူညီချက် ကို ပြောင်ပြောင် တင်းတင်း ဆန့်ကျင်လိုက်ခြင်း ဖြစ်ပေသည်။
ဖမ်းဆီး ချုပ်နှောင်ထားစဉ်အတွင်း သေဆုံးသွားပါက သက်ဆိုင်ရာ ကာယကံရှင် မိသားစု၊ အရပ်ဘက်အုပ်ချုပ် ရေး၊ တရားသူကြီးများကို အလောင်းအပ်နှံ သဂြိုလ်ရန် ဖြစ်သော်လည်း လူ့ဂုဏ်သိက္ခာနှင့် မလျော်ညီစွာ တောတွင်း တစ်နေရာ၌ မြှုပ်နှံခဲ့ခြင်းမှာ အလောင်းဖျောက်ဖျက်မှုကြီးကို စစ်တပ်က ကျူးလွန် ခဲ့ခြင်းဖြစ်ပေသည်။ လူ့ဂုဏ်သိက္ခာနှင့်အညီ မဆက်ဆံခြင်း မှာလည်း လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်သည်။
အထက်ပါ လုပ်ရပ်များသည် မြန်မာ့တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေ ခဲ့ပါသည်။ ပြုပြင်ပြောင်း လဲရေးကာလဟု ကြွေးကြော်နေသော အခါသမယတွင် စစ်တပ်၏ လုပ်ရပ်သည် နိုင်ငံရေးဖြစ်စဉ်များကို မလိုလားဟု ထင်မြင်စေ ပါသည်။ စစ်တပ်က ကျူးလွန်သော လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဥပဒေမဲ့ သတ်ဖြတ်ခြင်းများ အရေအတွက်တွင် ထပ်တိုးလာသော ရက်စက် ကြမ်းကြုတ်မှုအဖြစ် ကန့်ကွက် ရှုံ့ချ လိုက်ပေသည်။
အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် ရာဇ၀တ်ကောင်များအား ပြည်သူရှေ့မှောက်တွင် တရားစီရင်စေရန် တောင်း ဆိုလိုက်ပါသည်။
၎င်းဖြစ်စဉ်တွင်ကျွန်ုပ်တို့ HRDP ၏သဘောထားအရလူ့အခွင့်အရေးချိုးဖောက်မှုများ
– ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း
– ဖမ်းဆီး ချုပ်နှောင်ထားစဉ်အတွင်း ညှဉ်းပမ်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း
– လက်နက်ကိုင် တပ်ဖွဲ့များအားလုံး လိုက်နာရန်ဖြစ်သော ဂျနီဗာ သဘော တူညီချက် (သုံ့ပန်းများကို ကိုယ်အင်္ဂါံထိခိုက် ဆုံးရှုံးစေအောင် ညှဉ်းပမ်းနှိပ်စက်ခြင်း၊ အကြမ်းဖက် သက်ဖြတ်ခြင်း မပြုရ)ကို ချိုးဖောက်ခြင်း
– ကျူးလွန်သော သူများကို အရေးယူခြင်း မပြုဘဲ ကင်းလွတ်ခွင့် ပေးထားခြင်း
– ဥပဒေမဲ့ အလောင်းဖျောက်ဖျက်ခြင်း
လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့(HRDP)
သဘောထားကြေညာချက် မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ် ရယူနိုင်ပါသည်။
Tags: Association of Human Rights Defenders and Promoters, Burma Army, Democratic Karen Benevolent Army, Extrajudicial Killing, Journalists, Ko Par Gyi aka Aung Kyaw Naing, Myanmar Press Council (Interim), TortureThis post is in: Press Release
Related Posts